ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

 

စစ်ကော်မရှင်၏ စက်သုံးဆီသုံးစွဲမှု လျှော့ချရေးအတွက် ကားနံပါတ် “စုံ၊ မ” ခွဲ၍ မောင်းနှင်ရမည့် ကန့်သတ်ချက်များ ယနေ့ မတ်လ ၆ ရက်နေ့တွင် စတင်အသက်ဝင်လာပြီးနောက် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စက်သုံးဆီဆိုင်များရှေ့တွင် ယာဉ်များ တန်းစီစောင့်ဆိုင်းနေရစဉ်မှာပင် ဆီဈေးနှုန်းများ တစ်လီတာလျှင် ကျပ် ၁၁၀ မှ ၁၁၅ ကျပ်အထိ ရုတ်တရက် ခုန်တက်သွားကြောင်း သိရသည်။

 

မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရောင်းချမည့် ရန်ကုန်မြို့၏ ရည်ညွှန်းဆီဈေးနှုန်းများသည် ယခင်တစ်ပတ် (ဖေဖော်ဝါရီ ၂၇ မှ မတ် ၅ ရက်) ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သိသာစွာ မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်းသည် 92 ဓာတ်ဆီတစ်လီတာလျှင် ယခု၂,၅၂၅ ကျပ် (ယခင် ၂,၄၁၅ ကျပ်မှ ၁၁၀ ကျပ် မြင့်တက်) ၊ 95 တစ်လီတာလျှင် ယခု ၂,၅၉၅ ကျပ် (ယခင် ၂,၄၈၀ ကျပ်မှ ၁၁၅ ကျပ် မြင့်တက်)၊ ဒီဇယ် တစ်လီတာလျှင် ယခု ၂,၆၁၀ ကျပ် (ယခင် ၂,၅၆၅ ကျပ်မှ ၄၅ ကျပ် မြင့်တက်) လာပြီး ပရီမီယံဒီဇယ် တစ်လီတာလျှင် ယခု ၂,၉၀၅ ကျပ် (ယခင် ၂,၈၄၅ ကျပ်မှ ၆၀ ကျပ် မြင့်တက်) တက်ကြောင်းသိရသည်။

 

“ဆီက ဝယ်လို့ရသေးပေမဲ့ တန်းစီရတာတော့ရှိတယ်။ တစ်ခါတန်းစီရင် ၂ နာရီ၊ ၃ နာရီလောက် ကြာတယ်။ အရင်တစ်ခါ ဆီပြတ်လောက်တော့ မဆိုးသေးဘူး။ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်လည်း မတူဘူး။ အခု သုံးသောင်းဖိုးနဲ့ ငါးသောင်းဖိုးတော့ ရတယ်” ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

“စုံ/မ” စနစ်ကြောင့် ကိုယ်ပိုင်ယာဉ်များ၏ သွားလာခွင့် ထက်ဝက်ခန့် ကန့်သတ်ခံလိုက်ရသော်လည်း တက္ကစီ၊ လုပ်ငန်းသုံးယာဉ်များနှင့် လူနာတင်ယာဉ်များမှာ ကင်းလွတ်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ၏ ရောင်းချမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးနေပြီး ပြည်တွင်း၌ စက်သုံးဆီ ရက် ၄၀ စာခန့် အရန်ရှိကာ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် စစ်ကော်မရှင်က အသိပေးထားသည်။

 

တစ်ဖက်တွင်လည်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ကျူးကျော်စစ်ဆင်နွှဲပြီးနောက် တိုက်ပွဲများ ပြင်းထန်နေကာ အီရန်က ကမ္ဘာ့ရေနံဈေးကွက်၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားသည့်အတွက် နိုင်ငံတကာတွင် စစ်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်