ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

 

စစ်အာဏာသိမ်း၍ ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာမည့် လွှတ်တော်များအတွက် လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန် စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်က လက်အောက်ခံများအား ပြောဆိုညွှန်ကြားကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရသည်။

 

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဦးညိုစောသည် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသော လွှတ်တော်အစည်းဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ဒုအကြိမ် လုပ်ငန်းညိနှိုင်း အစည်းဝေးကို ယမန်နေ့ မတ် ၅ ရက်က ပြုလုပ်ရာ ထိုသို့ဆို၍ လိုအပ်သည်များ ပြီးပြတ်အောင် လုပ်ကိုင်ရန်ပြောသည်။

ထို့အပြင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လွှတ်တော်အဆောက်အဦ ပြင်ဆင်သည့် လုပ်ငန်းများအား ရာနှုန်းပြည့်ပြီးစီးအောင် လုပ်ဆောင်ရန်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များအတွက်လည်း ပြင်ဆင်ထားရန် ပြောဆိုသည်။

 

အဆိုပါ လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းဝေးများကျင်းပရန် လွှတ်တော်အလိုက် ရက်သတ်မှတ်ထားသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာလွှတ်တော်များသို့ရောက်ရှိ သတင်းပို့ရမည့်ရက်များအား စစ်ကော်မရှင်က အသိပေးထားသည်။

 

လက်ရှိတွင် နိုင်ငံတကာနှင့် လူထုလက်မခံသော အတုအယောင် ကိုယ်စားလှယ်များအတွက် ပြည်သူ့လွှတ်‌တော်ကို မတ် ၁၆ ရက်၌လည်းကောင်း၊ အမျိုးသားလွှတ်တော်အား မတ် ၁၈ ရက်တွင်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်များကို မတ် ၂၀ ရက်၌လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

 

ဓာတ်ပုံ-MOI/လူမှုကွန်ရက်