ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြောက်ဘက်ရှိ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်က စစ်သင်္ဘောနှင့် လုံခြုံရေးအင်အား တိုးချလိုက်ကြောင်း သိရသည်။
ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်မှစကာ AAက အမြန်ရေယာဉ်များဖြင့် လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းကို တံတားတစ်ခုနဲ့ဆက်သွယ်ထားပြီး အဲဒီ့ ဘီလူးမတံတားကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရင် ရေတပ်နဲ့ စစ်တွေတပ်နယ်က ကုန်းလမ်းခရီး အဆက်အသွယ်ပြတ်သွားမှာ ဖြစ်တယ်” ဟု CDMဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။
ကမ်းထိုးရေယာဉ်များနှင့် အင်အား၊ ရိက္ခာဖြည့်တင်းသည့် စစ်တပ်သုံး ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကာ ပြီးခဲ့သည့်ရက်ပိုင်းမှ အလောင်းကောက်ယူနိုင်သည့်အတွက် အလောင်းများ ပုပ်ပွပျက်စီးနေကြောင်း သိရသည်။
ဆိပ်ကမ်းတစ်ဘက်ခြမ်းအထိ AA၏ အမြန်ရေယာဉ်များနေရာယူလာသည့်အခြေအနေကြောင့် စစ်ကော်မရှင်က စစ်တွေမြို့အနီးပင်လယ်ပြင်တွင် စစ်သင်္ဘော ၁၀စီးခန့် အင်အားတိုးချလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အင်အားနည်းသည့် ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ကအင်အားအလုံးအရင်း ချထားခြင်းဖြစ်သည်။
ရွှေမင်းဂံ ရေတပ်စခန်း၊ ပွိုင့်ကမ်းခြေ၊ ဝါဘိုနှင့် ဇော်မဒက်ရှိ စစ်တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နယ်မြေများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။