ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးက၊ အုပ်ချုပ်ရေးရုံးတွင် အချုပ်ခန်းလုပ်ထားပြီး ဖမ်းဆီးထားသူများကို စစ်မှုထမ်းအတွက်ရောင်းစားနေကြောင်းဒေသခံများထံက သတင်းရရှိသည်။
အရိုးကုန်းရပ်ကွက်၊ အရိုးကုန်းလမ်းနှင့် ၁၄၅ လမ်းတွင်အုပ်ချုပ်ရေးမှူးရှိပြီး စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးအောင်မြင့်ဦး(ခေါ်) ဒေးဗစ်ဖြစ်ကြောင်း မြို့ခံများကပြောသည်။
“ရပ်ကွက်မှာ သူ့သဘောနဲ့သူ ပေါ်တာဆွဲတယ်။ သူ့ အုပ်ချုပ်ရေးရုံးခန်းထဲမှာလဲ သီးသန့်အဆောင်(အချုပ်ခန်း)ထားပြီး စစ်မှုထမ်းအတွက် ရောင်းစားတာ။ သူနဲ့မတည့်သူတွေ၊ မကျေနပ်လို့ ပြန်ပြောတဲ့သူတွေကိုလဲ စစ်မှုထမ်းထဲထည့်ပါတယ်”ဟု အရိုးကုန်းရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အရိုးကုန်းရပ်ကွက်နေ ပြည်သူများထံမှလည်း ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် လစဉ် တစ်သိန်းကျပ်ကောက်ခံသည့်အပြင် ဒေသခံများကိုလည်း ပေါ်တာဆွဲဖမ်းဆီးလေ့ရှိကြောင်း ရပ်ကွက်နေပြည်သူများကပြောသည်။
ထို့ပြင် ၎င်း၏နောက်လိုက်များက ဖမ်းဆီးထားသည့် လူငယ်များကို မူးလာသည့်အခါတိုင်း ဝိုင်းဝန်းရိုက်နှက်ကြသည်ဟု အုပ်ချုပ်ရေးရုံးနှင့်နီးစပ်သူကပြောသည်။
မကြာသေးခင်ကလည်း လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးမှာ အဆောက်အဦအပေါ်ထပ်မှ ခုန်ချထွက်ပြေးရန် ကြိုးပမ်းစဉ် တစ်ဦးမှာ ခါးရိုးကျိုးကာ တစ်ဦးသေဆုံးမှုဖြစ်ပွါးသေးသည်။
ဒေသအသီးသီးရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုသည် စစ်မှုထမ်းအတွက် ဒေသခံလူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်ကာ ရရှိလာသည့်ငွေကြေးများကို ကိုယ်ကျိုးအတွက်အသုံးပြုပြီး ချမ်းသာကြွယ်ဝနေကြောင်း ဒေသခံများကပြောဆိုသည်။
ဓာတ်ပုံ-အရိုးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး(ခ)ဒေးဗစ်