‎ဧရာဝတီတိုင်းမ်
‎မတ် ၅ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယခုမတ်လ အစောပိုင်းတွင် စစ်ကော်မရှင်၏ စစ်ကြောင်းတစ်ခု အပြတ်အသတ် တိုက်ခိုက်ခံရကာ သေဆုံးမှု များပြား နေကြောင်း သိရသည်။

စစ်ကော်မရှင်၏ တပ်မ (၈၈) လက်အောက်ခံ၊ ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ စစ်ကြောင်း တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ခြင်း ဖြစ်သည်။

“ဗန်းမော်တိုက်ပွဲက စစ်ကော်မရှင် စခန်းအချင်းချင်း အချိတ်အဆက်မပြတ်ရေး အားထုတ်နေရတာပါ။ တော် လှန်ရေးဘက်က စစ်ကူနဲ့ အထောက်အပံ့ ပိုသုံးနိုင်ရင် ရလဒ်က ချက်ချင်းပြောင်းသွားမှာပါ” ဟု ဗန်းမော်စစ်ရေးကို စောင့်ကြည့်နေသည့် ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း ဗန်းမော်မြို့အနီးရှိ အောင်သာ ၂ မိုင်ကျေးရွာနှင့် မူးယစ်ရုံးနေရာ ၃ မိုင်ကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

ထိတွေ့တိုက်ပွဲမရှိသည့် ရက်များတွင်လည်း လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု များရှိနေပြီး စစ်ကော်မရှင်က တပ်အချင်းချင်း ဆက်သွယ်သည့် လမ်းကြောင်းများ မပြတ်တောက်စေရန် ဂရုစိုက်ကြိုးပမ်း နေရကြောင်း သိရသည်။

 

လက်ရှိတွင် အထက (၁) နှင့် ကန်ဦးဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသည့် စစ်ကော်မရှင်၏ လက်နက်ကြီးစခန်းများဖြစ်သည့် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် ခလရ-၂၃၆ တို့မှနေ၍ KIA ခြေကုတ်နေရာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။

စစ်ကော်မရှင်သည် ခဲယမ်းအလုံအလောက် စုဆောင်းထားရှိပြီး လေကြောင်းမှတစ်ဆင့် ထောက်ပို့မှုများ ပြုလုပ်နေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဟန်တဲဘက်သို့ စစ်ကြောင်းထိုးမှုအချို့ ပြန်လည် ပြုလုပ်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။