ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ မတ် ၅ ရက်
ကရင်နီပြည်နယ်၊မယ်စဲ့မြို့နယ်ရှိ စစ်ကော်မရှင်တပ်မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် စင်တာတစ်ခုကို စစ်ကော်မရှင်က ယနေ့ မတ် ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အပါအဝင် ငါး ဦး သေဆုံးသွားကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး သုံး လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစင်တာမှာ ဖားဆောင်းတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကော်မရှင်တပ်မိသားစုဝင်များကို ထားရှိသည့်နေရာဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၈) နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီး လေး ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါး ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
“အဲ့ဒီအမျိုးသမီးနဲ့ ကလေးစင်တာက ဖားဆောင်းကို ကျွန်တော်တို့ သိမ်းပိုက်ပြီးတော့မှ ဖမ်းဆီးရမိတဲ့ စစ်ကော်မရှင်မိသားစုဝင်တွေ ထားတဲ့ ထိန်းသိမ်းရေးစင်တာပါ။ မိသားစုဝင်တွေကို ဗုံးလာကြဲတဲ့အတွက် ၈ နှစ်အရွယ်ကလေး အပါအဝင် အားလုံး ၅ ဦး သေဆုံးသွားတယ်” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကြဲခံရသည့် စင်တာမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က စစ်သုံ့ပန်း ၈၃ ဦး ထောင်ဖောက် ထွက်ပြေးခဲ့သည့် အကျဉ်းစခန်းအနီးတွင် တည်ရှိသည်။ အဆိုပါ ထွက်ပြေးသူများအနက် ၇၀ ဝန်းကျင်မှာ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိသွားခဲ့သော်လည်း ထိုင်းစစ်တပ်က စစ်ကော်မရှင်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ၎င်းတို့၏ ကိုယ်ပိုင်မိသားစုဝင်များကိုပင် ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်နေသည်။
ဓာတ်ပုံ – လူမှုကွန်ရက်