ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
စစ်ကော်မရှင်က ပုဂ္ဂလိကယာဉ်များကို စုံ/မ စနစ်ဖြင့် မောင်းနှင်သွားရန် ထုတ်ပြန်မှုသည် အမြော်အမြင်ရှိရှိ လက်တွေ့ကျသောကြောင့် ထောက်ခံကြိုဆိုကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ ထုတ်ဖော်ပြောဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ထားသော ကာ/လုံက အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများ အကြောင်းပြ၍ စက်သုံးဆီ ချွေတာရန် ထုတ်ပြန်ထားမှုအပေါ် “ခမောက်သုံးလုံး” ဟု လူသိများသည့် ဦးသိန်းညွန့်၏ ပါတီမှ ယမန်နေ့ မတ် ၄ ရက်က ထိုသို့ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
စက်သုံးဆီ ချွေတာရေးနှင့် ပတ်သက်၍ အမြော်အမြင်ရှိရှိ လက်တွေ့ကျသော ထုတ်ပြန်ချက်သည် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အ တည်း ဖြစ်နေချိန်တွင် ကာ/လုံ၏ အမျိုးသားခြိုးခြံချွေတာရေး မူဝါဒအား ထောက်ခံကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ အရပ်သားအကြံပေး၊ ထိုမှတဆင့် ကာ/လုံ ဗဟိုအကြံပေး အဖွဲ့ဝင်ဖြစ်လာသည့် ဦးသိန်းညွန့်၏ NNDP ပါတီက ထိုသို့ဆိုသော်လည်း တတ်သိပညာရှင်များနှင့် ပြည်သူများကမူ ယင်းစုံ/မ စနစ်ကို လွဲမှားသော စီမံခန့်ခွဲမှုဖြစ်သည်ဟု ဝေဖန်ပြစ်တင် ထောက်ပြကြသည်။
ပြည်တွင်း၌ စက်သုံးဆီ ချွေတာရန် အကြောင်းပြထားသော စုံ/မစနစ်အား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယခုလာမည့် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ လိုက်နာမောင်းနှင်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါလျှင် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူများအနေဖြင့် စက်သုံးဆီများကို ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် စည်းကမ်းသတ်မှတ်ထားပြီး ဖောက်ဖျက်ကျူးလွန်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ ဖြစ်ပွားနေသော အမေရိကန်၊ အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲများကြောင့် လက်ရှိတွင် ကမ္ဘာ့ရေနံစီးဆင်းမှု ၂၀ ရာခိုင်နှုန်းရှိသည့် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက် စစ်ရေးတင်းမာနေပြီး ကမ္ဘာ့စက်သုံးဆီ ဈေးကွက်အပေါ် ရိုက်ခတ်မှုများ ရှိနေသည်။
ဓာတ်ပုံ – လူမှုကွန်ရက်