ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ထိုင်း-မြန်မာနယ်စပ်ဒေသ မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံသားအများ အပြားမှာ ဆီရရှိရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်ဝယ်ယူနေကြရပြီး ဆီတန်းစီ စောင့်ဆိုင်းဝယ်ယူမှုများ ရှိနေကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။
ထိုင်းအစိုးရဘက်မှ မြဝတီသို့ လောင်စာဆီအမြောက်အမြား တင်ပို့မှုကို ရပ်ဆိုင်းထားသော်လည်း တစ်နိုင်တစ်ပိုင် ဖြည့်တင်းမည့်ယာဉ်များကို ခွင့်ပြုထား၍ မြန်မာဘက်မှ လာရောက်ဝယ်ယူသူ များပြား လာသဖြင့် ထိုင်းဒေသခံများအကြား ဆီရှားပါးလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိသည်။
“ဆီတွေမရှိဘူး။ ဆိုင်ကြီးမှာကအကန့်အသတ်နဲ့အချိန်နဲ့ရောင်းတယ်။ ဆိုင်ကြီးမှာကတန်းစီရတယ်။ အပြင်မှာမှောင်ခိုရောင်တဲ့ဆီက စျေးတွေလည်းထက်ဝက်တက်တယ် ငါးဂါလံဆန့်ပုံးဝါ(လီတာ၂၀)ကို မြန်မာငွေ ၂ သိန်းလောက် စျေးပေါက်နေတယ်။ ထပ်တက်ဦးမယ်ပြောတယ်” ဟု မြဝတီဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းအစိုးရကမူ ၎င်းတို့နိုင်ငံအတွင်း သုံးစွဲရန် ဆီအလုံအလောက်ရှိပြီး အခြားအရင်းအမြစ်များမှလည်း ရရှိနိုင်သဖြင့် စိုးရိမ်ရန်မလိုကြောင်း ပြောဆိုထားသည်။ သို့သော် လက်ရှိတွင် လာအိုနိုင်ငံသို့ တင်ပို့သည့် ရေနံမှလွဲလျှင် ကျန်ပြည်ပတင်ပို့မှုအားလုံးကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင်းဆီလုံလောက်မှုများရှိသော်လည်း မြန်မာနယ်စပ်၊ လာအိုနယ်စပ်ကဲ့သို့ ဒေသများ ချင်းရိုင်၊ မယ်ဟောင်ဆောင် အစရှိသည့်ဒေသများတွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်မှုများ ရှိသည့်အတွက် ဆီတန်းစီဝယ်ယူမှု အများအပြားရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် ထိုင်းအစိုးရက လောင်စာဆီဈေးများကို ဈေးမြှင့်ရောင်းခြင်းမပြုလုပ်ရန်လည်း ပြောဆိုထားပြီး လူသုံးများသည့် PTT ဆီဆိုင်မှလည်း ဒီဇယ်ဆီဈေးများကို ၁၅ ရက်အတွင်း ဈေးမြှင့်ရောင်းခြင်း မပြုလုပ်ဟု ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်ကမူ စက်သုံးဆီမလောက်ငှမှု ပြသနာကိုဖြေရှင်းရန် ပုဂ္ဂလိကပိုင်ယာဉ်များကို ယာဉ်နံပါတ် အလိုက် စုံတစ်ရက်၊ မတစ်ရက် သာကားမောင်းခွင့်ရှိသည်ဟု ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံသားများ အနေဖြင့် ခက်ခဲမှုများကြုံနေရကြောင်း သိရသည်။