နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
အာဏာသိမ်း စစ်ကော်မရှင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ချန်လှပ်၍ NLD အစိုးရလက်ထက် ဝန်ကြီးဟောင်းများနှင့် ထိပ်ပိုင်းခေါင်းဆောင် တချို့အား နိုင်ငံရေးထွက်ပေါက်ရှာရန် ဓားစာခံအဖြစ် ရွေးချယ်လွှတ်ပေးလာကြောင်း ဥပဒေ ပညာရှင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ထောက်ပြကြသည်။
စစ်ကော်မရှင်သည် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ်ဟုဆိုကာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာတွင် ၎င်းတို့ ရွေးချယ်ထားသည့် NLD အစိုးရအဖွဲ့ဝင်ဟောင်းအချို့ကို သီးခြားအမိန့်ဖြင့် ထည့်သွင်းလွှတ်ပေး ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် မတရားသဖြင့် ပုဒ်မများတပ်၍ ဖမ်းဆီးအကျဉ်းချထားသူများကို စစ်ကော်မရှင်က မကြာခဏ လွှတ်ပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲအပြီး နိုင်ငံရေး ထွက်ပေါက်အတွက် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုသည်။
“လွှတ်ပေးတဲ့အထဲမှာ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေ ပါလာတဲ့အတွက်ကြောင့် အခုလွတ်လာသူတွေအနေနဲ့ကတော့ နိုင်ငံရေးဓားစာခံအဖြစ်နဲ့ အချိန်မရွေး ပြန်လည် ကျရောက်နိုင်တယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်” ဟု ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ နိုင်/ကျဉ်းများသည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) ဖြင့် မတရားဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံနေသူ ၇,၃၃၇ ဦးတို့ဖြစ်ပြီး နိုင်ငံရေးပုဒ်မ မဟုတ်သော အခြားအကျဉ်းသား/အကျဉ်းသူများကိုလည်း လွတ်ငြိမ်းပေးလိုက်ကြောင်း စစ်ကော်မရှင် က ထုတ်ပြန်ဆိုသည်။
စစ်ကော်မရှင်အနေဖြင့် ၎င်းတို့လွှတ်ပေးသူများကို နိုင်ငံရေးထွက်ပေါက်အတွက် ဓားစာခံအဖြစ် အသုံးချရန် ပြင်ဆင်လာသော်လည်း လက်ရှိအချိန်ထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးခြင်းမရှိသေးသောကြောင့် အာဆီယံအသိုက်အဝန်းသို့ ပြန်လည်ဝင်ရောက်ရန် ရုန်းကန်ရဦးမည်ဖြစ်သည်။
ယခုလွှတ်ပေးမှုသည် မကြာသေးမီ၌ ပြုလုပ်သွားသော ပြည်သူလူထုနှင့် နိုင်ငံတကာက လက်မခံ ဆန့်ကျင်နေသည့် အတုအယောင် တစ်ဖတ်သတ် ရွေးကောက်ပွဲပြီးနောက် ဟန်ပြလွှတ်တော်၊ အမည်ခံအစိုးရသစ် မဖွဲ့စည်းခင်ဖြစ်ကာ နိုင်ငံရေးခြေလှမ်း ကစားကွက်တစ်ခုလည်းဖြစ်ကြောင်း နိုင်/ကျဉ်းဟောင်းတစ်ဦးက ဆိုသည်။
“NLD အစိုးရခေါင်းဆောင်ပိုင်းတွေကို မတရားသဖြင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ထားရာကနေ အခုလို ရွေးလွှတ်တာကတော့ စစ်ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ ခြေလှမ်းမှုတွေ လုပ်လာတာလို့ သုံးသပ်မိတယ်။ နောက်ဘာတွေ ဆက်ပြီးတော့ လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်ဖို့ လိုမယ်ထင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုလွတ်မြောက်လာသူများထဲ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် (CEC)အဖွဲ့ဝင် နေပြည်တော် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ယခင် NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးမင်းသူ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ ပါဝင်လာခဲ့သည်။
ထိုသူများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတတို့အပါအဝင် NLD ပါတီ ထိပ်သီးပိုင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများနည်းတူ မတရားသဖြင့် ပုဒ်မများတပ်၍ ဖမ်းဆီးချုပ်နှောင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရပြီး စစ်ကော်မရှင်က ရွေးချယ်လွှတ်ပေးရာ၌ ပါဝင် လာသော်လည်း လွတ်မြောက်မှု အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။
“သူတို့တစ်ဦးချင်းစီရဲ့ လွတ်မြောက်မှု အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိသေးဘူး။ မကြာခင် ဧပြီလောက်မှာလဲ ဒီလိုမျိုး အလားသဏ္ဍန်တူတဲ့ လှည့်စားမှုတွေ ထပ်ပြီးလုပ်လာနိုင်တယ်” ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟန်ထွန်း၊ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာ၊ သပိတ်ခေါင်းဆောင်များဖြစ်သည့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂခေါင်းဆောင်တချို့နှင့် (၈၈) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဇော်ဝမ်းမောင်တို့လည်း လွတ်မြောက်လာကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်က အမိန့်အမှတ် ၅၊ ၆၊ ၇၊ ၈ နှင့် ၉ ဟူ၍ ထုတ်ပြန်ရာ၌ ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခြင်း၊ နိုင်ငံခြားသား ၁၀ ဦးအား လွတ်ငြိမ်းခွင့်ပေး၍ ပြည်နှင်ဒဏ် ပေးခြင်းနှင့် အမှုရင်ဆိုင်နေရသူ ၁၂,၀၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခြင်းတို့ ပါဝင်သော်လည်း ခြွင်းချက်ဖြင့်သာ ပြစ်ဒဏ်များလျှော့ပေါ့ လွှတ်ပေးခြင်းဖြစ်သည်။
ယင်းအတူ ပြစ်ဒဏ်လျှော့ပေါ့ပေးရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအပါအဝင် နွေဦး တော်လှန်ရေးနှင့် ဆက်စပ်သူအများစုကို စွဲဆိုထားသည့် မတရားအသင်းအက်ဥပဒေ၊ လက်နက် ဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့်အရေးကြီးပုဒ်မများ ပါဝင်ခြင်းမရှိဘဲ ချန်လှပ်ထားသည်။