ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
စစ်အုပ်စု၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သူ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပူးတွဲကိုင်တွယ်ထားသည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးနေရာတွင် စစ်ခေါင်းဆောင်၏ လူယုံဖြစ်သူ စစ်ဘက်လုံခြုံရေးအရာရှိချုပ် (စရဖ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အစားထိုးခန့်အပ် လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိတ်ကြိုက် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အာဏာလွှဲမည်ဟု အကြောင်းပြထားသည့်အချိန်တွင် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၏ ကြည်းတပ်ဦးစီးချုပ် အာဏာကို ဖြတ်တောက်ကာ ၎င်း၏နားမျက်စိဟု တင်စားခံရသည့် လူယုံတော် ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ နေရာပေးလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ နေရာဖြစ်သော စစ်ဘက်လုံခြုံရေးအရာရှိချုပ် (စရဖ) ရာထူးကို လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုကိုထိုက်က ဆက်ခံမည်ဖြစ်သည်။
ထို့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်ကို ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ လက်ရှိတာဝန်ယူထားသည့် ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းကို လေ့ ကျင့်ရေးအရာရှိချုပ်အဖြစ် တာဝန်ယူခိုင်းခဲ့ကြောင်း သိရသည်။
ယင်းအပြင်ဗိုလ်ချုပ် အောင်ဌေးကို DSA ကျောင်းအုပ်ကြီးမှ လပခ (အလယ်ပိုင်းတိုင်း) တိုင်းမှူး၊ ဗိုလ်မှူးချုပ် ထွဋ်ခေါင်ကို တပ်မ (၅၅) တပ်မမှူးမှ DSA ကျောင်းအုပ်ကြီး၊ တြိဂံတိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်ကို အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၄) အဖြစ်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်ကို တြိဂံတိုင်းမှူး အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်ထားကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။