ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
လက်ရှိမြန်မာနိုင်ငံတွင် စက်သုံးဆီဖူလုံရေးအတွက် အရန်ဆီ ရက် ၄၀ စာရှိကြောင်း ယနေ့ မတ် ၄ ရက်နေ့တွင် စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် ဓာတ်ဆီဂါလံ သန်း ၆၀ နှင့် ဒီဇယ်ဂါလံ သန်း ၇၀ ရှိ၍ စက်သုံးဆီဖူလုံသည့်အပြင် ဆိပ်ကမ်းတွင် မချရသေးသည့် စက်သုံးဆီတင်သင်္ဘောနှစ်စင်းရောက်ရှိနေပြီး စက်သုံးဆီသင်္ဘော ၁၄ စင်းလည်း ယခုရက် ပိုင်းအတွင်းဆိုက်ကပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
” စက်သုံးဆီနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘဲ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေအရ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ စက်သုံးဆီဈေးတွေဖြစ်လာနိုင်တယ်။ ပြည်တွင်းမှာတော့ စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ထားမှာ ဖြစ်သလို စက်သုံးဆီ မရောင်းတဲ့ ဆိုင်တွေကိုလည်း အရေးယူနိုင်ဖို့ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်ရက်ကို ဓာတ်ဆီ ၁ ဒသမ ၅ သန်း ဂါလန်နှင့် ဒီဇယ်ဂါလန် ၁ ဒသမ ၇ သန်း ဂါလန် စုစုပေါင်း စက်သုံးဆီ ဂါလန် ၃ ဒသမ ၂ သန်းခန့်သုံးစွဲမှုရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ စက်သုံးဆီတင်သွင်းခြင်းဖြစ်ပြီး ယင်းနိုင်ငံရှိ ရေနံချက်စက်ရုံများ ရပ်တန့်ခြင်းမရှိဘဲ လည်ပတ်နေကြောင်း စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေး အဖွဲခေါင်းဆောင် က ပြောကြားထားသည်။
စစ်ကော်မရှင်က အရန်ဆီ ရက် ၄၀ စာရှိသည်ဟု ပြောကြားထားသော်လည်း လာမည့် မတ်လ ၇ ရက်နေမှ စတင်၍ ပုဂ္ဂလိကယာဉ်များ စုံ/မ ရက်သတ်မှတ်ချက်ဖြင့်သာ မောင်းနှင်အသုံးပြုရန် ထုတ်ပြန် ထားသည်။