ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

 

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မည်ကို စိုးရိမ်သည့် ကိုယ်ပိုင်ကားပိုင် ရှင်များက ဆီဆိုင်များမဖွင့်မီကတည်းက လာရောက်တန်းစီစောင့်ဆိုင်းနေကြသဖြင့် ယနေ့ မတ် ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တစ်မြို့လုံးနီးပါး ဆီတန်းစီယာဉ်တန်းများဖြင့် ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့က စစ်ကော်မရှင်လက်အောက်ခံ စက်သုံးဆီကော်မတီက ပုဂ္ဂလိကယာဉ်များကို “စုံတစ်ရက်၊ မတစ်ရက်” သတ်မှတ်မောင်းနှင်ရန် ထုတ်ပြန်ပြီးနောက်၊ ယနေ့နံနက် ၅ နာရီမတိုင်မီကတည်းက ရန်ကုန်ရှိ ဆီဆိုင်တိုင်းတွင် မှတ်တိုင် ၄ တိုင်၊ ၅ တိုင်ခန့်အထိ ရှည်လျားသော ယာဉ်တန်းကြီးများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“မူဝါဒတစ်ခုချဖို့က တစ်ပတ်လည်အောင် စဉ်းစားဖို့လိုတယ်။ အခုက ကန့်သတ်ပိတ်ဆို့တဲ့ နည်းလမ်းပဲ သုံးနေတာ။ အီရန်စစ်ပွဲက ဘယ်လောက်ကြာမလဲမသိသလို၊ လက်ကျန်ဆီ ဘယ်လောက်ရှိလဲ ဆိုတာလည်း စစ်ကော်မရှင်ဘက်က ပွင့်လင်းမြင်သာမှုမရှိဘူး။ ခရီးသွားမယ့်သူတွေ၊ အရေးပေါ် ကိစ္စရှိသူတွေအတွက် ချွင်းချက်မပါဘူး။ ဆီဖြည့်မရရင် တစ်လှည့်စီထွက်ခိုင်းတာလည်း အလကားပဲ” ဟု ပြည်သူ့ရေးရာမူဝါဒလေ့လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မူဝါဒ အသစ်များ ထုတ်ပြန်ပြီးနောက် ဆီဈေးနှုန်း တရားဝင်တိုးမြှင့်ခြင်းမရှိသေးသော်လည်း ဆီဆိုင်အချို့က ဝယ်ယူသူများပြားမှုကို အကြောင်းပြ၍ အရေအတွက်ကန့်သတ်ရောင်းချနေသဖြင့် အငှားယာဉ်မောင်း များနှင့် ကိုယ်ပိုင်ကားသမားများအကြား စိုးရိမ်မှုများမြင့်တက်ကာ တန်းစီဝယ်ယူသူပိုမိုများပြားလာခြင်း ဖြစ်သည်။

“မနက် ၄ နာရီခွဲကတည်းက လာတန်းစီတာ။ အီရန်မှာ စစ်ဖြစ်နေတော့ နောက်ရက်တွေ ဆီပြတ်သွားမှာ ဒါမှမဟုတ် ဈေးတက်သွားမှာ ကြောက်လို့ လာဖြည့်တာ။ အခုက ဆိုင်တိုင်းမှာ ကားတွေက အရှည်ကြီးပဲ/ ပိတ်တဲ့အထဲ တက္ကစီတွေမပါလို့ တက္ကစီငှားစီးကြပေါ့ ” ဟု နှစ် ၂၀ ကျော် သက်တမ်းရှိ တက္ကစီမောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်းစီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းရှိသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ ခံရမှုက ကမ္ဘာ့စက်သုံးဆီဈေးကွက်ကို ရိုက်ခတ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း စက်သုံးဆီ တန်းစီဝယ်ယူနေရသည့် အခြေအနေများ ရှိနေသည်။ ။

 

လက်ရှိပြည်တွင်းစက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းမရှိသော်လည်း ဆီဆိုင်အချို့၌ ဝယ်ယူသူများပြား သဖြင့် ဆီလီတာအရေအတွက်ကန့်သတ်၍ ရောင်းချပေးသည့် ဆိုင်များမှုရှိနေပြီး အချို့ဆီဆိုင် ရှေ့များတွင် ယာဉ်တန်းများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်