ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ပြည်သူများထံမှ ငွေကြေး အဆမတန် တောင်းယူနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး သစ်ပင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပြီး ၎င်းသေဆုံးသည့်နေ့မှာပင် နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် ဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က သစ်ပင်ပေါ်သို့ ခွေးတောက်ရွက်တက်ခူးစဉ် ပြုတ်ကျကာ ဇက်ကျိုးသေဆုံးသွား၍ ယနေ့ မတ်လ ၄ ရက်နေ့တွင် မီးသင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။
“ခွေးတောက်နွယ်က အပင်ကြီးပေါ် တက်နေတာ။ အဲဒါ ခူးရင်းနဲ့ အပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုး သေတာ။ သေတဲ့နေ့မှာပဲ သူတို့အိမ်လည်း မီးလောင်သေးတယ်။ ဝဋ်လည်တယ်လို့ပဲ ပြောရမှာပဲ။ ဒီနေ့ သင်္ဂြိုဟ်တာ။ ဖုန်းကိုင်တဲ့သူတွေကို စောင့်ကြည့်နေလို့ ဓာတ်ပုံမရိုက်လိုက်ရဘူး” ဟု ကုန်းတောင်နီ ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် သစ်ပင်ပေါ်က ပြုတ်ကျကြောင်း သတင်းကြားချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဝင်းခိုင်မှာ ထမင်းချက်လက်စဖြင့် လိုက်သွားခဲ့ရာ ၎င်းတို့၏နေအိမ် မီးလောင်မှုထပ်မံဖြစ်ပွား၍ ရွာသားများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူ ဦးသိန်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်ဝင်းခိုင်တို့သည် အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဌေးနှင့် ပေါင်းကာ စစ်မှုထမ်းရန် အကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ငွေကြေးများ အဆမတန်တောင်းယူပြီး အလွဲသုံးစားလုပ်ခြင်း၊ ငွေမပေးနိုင်ပါက စစ်ကော်မရှင်တပ်ဖွဲ့ဝင်များခေါ်၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံများကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူများဖြစ်သည်။
လက်ရှိတွင်လည်း နွားခြံအုပ်စုအတွင်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များမှာ အုပ်ချုပ်ရေး မှူးသစ် ဦးမြင့်ဦးထံသို့ တစ်ဦးလျှင် ငွေကျပ်လေးသောင်းစီ မတရားသဖြင့် ပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ အကျပ်ရိုက်နေချိန်တွင် ယခုကဲ့သို့ လက်ပါးစေ ပျူစောထီးခေါင်းဆောင် သစ်ပင်ပေါ်ကပြုတ်ကျသေဆုံးကာ အိမ်ပါမီးလောင်သည့်ဖြစ်ရပ်အပေါ် ဒေသခံများက “ဝဋ်လည်တာ” ဟု မှတ်ချက်ပြုပြောဆိုကြသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ကုန်းတောင်နီကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်