ဆောင်းပါးရှင် – စစ်ဝေးသော်
ဧရာဝတီတိုင်းမ်၊ မတ် ၄ ရက်

ကျွန်တော်တို့ ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်က ပြည်သူတချို့ဟာ ဘုရားတူးဖော်ရရှိတဲ့ လယ်ကွင်းထဲက နောက်ကျိနေတဲ့ရေတွေကို ရောဂါပျောက်တယ်ဆိုပြီး ခပ်ယူ သောက်သုံးနေကြတဲ့ဖြစ်စဥ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်ကို အရင်ဆုံးတင်ပြရမယ်ဆိုရင် ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ် ကျွန်းထိပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လယ်ကန်းသင်း ပေါက်ရာကတဆင့် ရှေးဟောင်းဘုရားရုပ်ပွားတော်တစ်ဆူ တူးဖော်ရရှိခဲ့ပါတယ်။ မြေကြီးထဲက ပေါ်လာတဲ့ဘုရားဆိုတော့ “ပေါ်တော်မူဘုရား”အဖြစ်နဲ့ ဒေသအတွင်းမှာ နာမည်ကြီးသွားပြီးတော့ အဲ့ဒီဒေသမှာ ရပ်နီးရပ်ဝေး ဘုရားဖူးတွေနဲ့ ချက်ခြင်းဆိုသလို စည်ကားသွားခဲ့ပါတယ်။

ပြဿနာက အဲ့မှာစတာပါပဲ။ ဒေသခံဆရာတော်တစ်ပါးက ဘုရားတူးဖော်ရရှိတဲ့လယ်ကွင်းထဲကရေဟာ အနာမျိုး ၉၆ ပါး ပျောက်တယ်ဆိုပြီး မိန့်ကြားလိုက်တဲ့အတွက် ဒေသခံတွေက လယ်ထဲက နောက်ကျိနေတဲ့ ရွှံရေတွေကို အလုအယက် ခပ်ယူသောက်သုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဧရာ၀တီတိုင်းမှာက စပါးစိုက်တဲ့အခါမှာ အရင်ဆုံး ပေါင်းသတ်ဆေးသုံး သုံးကြပါတယ်။ စပါးစိုက်ပြီးတဲ့ အခါ အခုခေတ်မှာက ပိုးကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ပိုးသတ်ဆေးဖြန်းကြပါတယ်။ ပြီးတော့ ရေတွေရှိနေတဲ့လယ်ကွင်းထဲကို ဓာတ်မြေသြဇာတွေ ကြဲပက်ပြီးတော့ လယ်စိုက်ကြတာပါ။

ဒါကြောင့် လယ်ထဲကရေတွေဟာ ပိုးသတ်ဆေး၊ ‌ပေါင်းသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေအများကြီး ပါဝင်နေမှာ အသေအချာပါပဲ။ အဲ့ဒီရေသောက်လို့ကတော့ ရောဂါမပျောက်တဲ့အပြင် အသက်ပါ ပျောက်နိုင်တဲ့အထိ အန္တရာယ် ကြီးပါတယ်။ ကံကောင်းတာတစ်ခုက အခုချိန်အထိတော့ ထိခိုက်သေဆုံးတဲ့သတင်းတွေ မကြားရသေးပါဘူး။

လယ်ကွင်းထဲက နောက်ကျနေတဲ့ရေတွေကို ၉၆ ပါးရောဂါပျောက်တယ်လို့ ပြောတဲ့သူကပြောပြီး ယုံတဲ့လူတွေက ယုံကြည်စွာနဲ့ ခပ်သောက်ကြတယ်ဆိုတော့ တွေးကြည့်ရင် ဒီကိစ္စက အတော်ကို အန္တရာယ်ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

တိုင်းပြည်ကို မွဲပြာကျအောင်အုပ်ချုပ်ပြီး ပညာရေးစနစ်ကို ကြိုးစားပမ်းစားဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင်တွေလက်အောက်မှာ ကျေးလက်နေ ပြည်သူတချို့ရဲ့ ဆင်ခြင်တုံတရားနဲ့ အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်တဲ့ ဥာဏ်ပညာတွေ ဘယ်တွေရောက်ကုန်ကြပြီလဲလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကို ကိုးကွယ်တဲ့ဘာသာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓကို ကိုးကွယ်တာက သူ့ရဲ့တန်ခိုးကို ကိုးကွယ်တာ မဟုတ်ပါဘူး။ ဒကာ၊ ဒကာမတွေ ယုံကြည်မှုလမ်းလွဲမှာစိုးတဲ့အတွက် မြတ်ဗုဒ္ဓက ရဟန်းတော်တွေ တန်ခိုးမပြကြဖို့ ဝိနည်းနဲ့ပညတ်ပြီး တားမြစ်တော် မူခဲ့ပါတယ်။

ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်လည်း လူနတ်ဗြဟ္မာ သတ္တဝါတွေကို တန်ခိုးအစွမ်းနဲ့ ကယ်တင်တာ မလုပ်ပါဘူး။ သစ္စာလေးပါးနဲ့ မဂ္ဂင် ၈ ပါး မြတ်တရားကို ဟောပြောညွန်ပြပြီး သတ္တဝါတွေကို သံသရာဘေးက ကယ်ချွတ်တော်မူတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့တန်ခိုးတော်ကို ကိုးကွယ်တာ မဟုတ်ဘဲ ဥာဏ်တော်ကို ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သီလ၊ သမာဓိ၊ ပညာနဲ့ လက်တွေ့ ပွားများ ကျင့်ကြံအားထုတ်ရတဲ့ဘာသာ ဖြစ်ပါတယ်။ ဒီလို အခြေခံ ဗုဒ္ဓဘာသာ အသိလေးရှိမယ်ဆိုရင်တောင် အခုလိုဖြစ်စဥ်တွေ မပေါ်ပေါက်နိုင်ဘူးလို့ ထင်မိပါတယ်။

တကယ်တော့ လူတွေက ကြည်ညိုမှု သဒ္ဒါတရားလွန်ကဲပြီး ကိုယ့်သဘောနဲ့ကိုယ် ပေါ်တော်မူဘုရား တူးဖော်တဲ့ လယ်ကွင်းထဲကရေတွေ ခပ်သောက်မယ်ဆိုရင်တောင် ဒေသခံ ဆရာတော်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက သတိပေးဆုံးမ တားမြစ်ရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဧရာ၀တီတိုင်းကို အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံ ဧရာ၀တီတိုင်းအစိုးရနဲ့ ကျန်းမာရေးဌာနအနေနဲ့လည်း ပြည်သူလူထု ဒုက္ခရောက်နိုင်တဲ့ ကိစ္စကို ထိထိရောက်ရောက် တားမြစ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီနေ့အချိန်အထိတော့ တားမြစ်တဲ့သတင်းတွေ မကြားရသေးပါဘူး။

လယ်ကွင်းထဲက ရွှံ့ရေတွေသောက်တဲ့ မြောင်းမြဖြစ်စဥ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ၂၁ ရာစု နည်းပညာခေတ် ရောက်နေသည့်တိုင်အောင် ပြောသမျှယုံပြီး ဆင်ခြင်တုံတရားအားနည်းမှုတွေက ကျွန်တော်တို့ ဧရာ၀တီတိုင်းမှာ အမြောက်အမြားရှိနေဆဲဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာလို့ ခံယူပြီး အခြေခံ ဗုဒ္ဓဘာသာ အသိတရားတွေ အလွန်အားနည်းနေကြောင်း ပေါ်လွင်လှပါတယ်။

ဒီလို အယုံလွယ်မှုနဲ့ အသိပညာအားနည်းမှုတွေကို စစ်အာဏာရှင်တွေက သိပ်ကြိုက်ပါတယ်။ ဒါမှသာ ပြည်သူတွေ အမှားအမှန် မခွဲခြားနိုင်ဘဲ ဘသာရေး၊ လူမျိုးရေးခေါင်းစဥ်နဲ့ သူတို့ စစ်အာဏာရှင်တွေ လိုသလိုမှိုင်းတိုက်၊ လှည့်စားလို့ရမှာဖြစ်ပါတယ်။

ကျွန်တော် အကြံပြုလိုတာကတော့ ပြောသမျှ မယုံကြပါနဲ့၊ မိမိဥာဏ်နဲ့ အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိူင်းခြား ဆန်းစစ်ပြီးမှ ယုံကြပါ။ “အသက်ကို ဥာဏ်စောင့်”ဆိုသလိုပဲ အဆင်ခြင်မဲ့လုပ်ရပ်တစ်ခုက မိမိ အသက်ကိုနှုတ်ယူသွားနိုင်တယ်ဆိုတာ အထူးသတိပြုကြဖို့ လိုအပ်ကြောင်း ပြည်သူ‌တွေအကျိုးကို မျှော်ကိုးပြီး တိုက်တွန်းနှိုးဆော်ပါတယ်။ ရိုးလွန်းတော့ “အ”၊ “အ”လွန်းတော့ “ထုံ”၊ “ထုံ”လွန်းတော့ “ဖျင်း”၊ “ဖျင်း” လွန်းတော့ “ညံ့” ဆိုတာမျိုး မဖြစ်အောင် သတိချပ်ဖို့ လိုပါတယ်။

တိုင်းပြည်တစ်ခု၊ ဒေသတစ်ခုဆိုတာ ပြည်သူနဲ့တည်ဆောက်ရတာပါ။ ပြည်သူတော်ရင် တိုင်းပြည်တော်မယ်၊ ပြည်သူကောင်းရင် တိုင်းပြည်ကောင်းမယ်၊ ပြည်သူညံ့ရင် တိုင်းပြည်လည်း ညံ့မှာဖြစ်ကြောင်းပါခင်ဗျာ,,,