ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

 

ဗြိတိန် (UK) အစိုးရသည် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံတို့မှ နိုင်ငံသားများအတွက် ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးခြင်းကို ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် ပိတ်ပင်လိုက် ကြောင်း သိရသည်။

 

မြန်မာအပါအဝင် အဆိုပါ လေး နိုင်ငံမှ နိုင်ငံသားများသည် UK တွင် အမြဲတမ်းနေထိုင်ခွင့်ရရှိရန် တရားဝင်ဝင်ရောက်ခွင့် လမ်းကြောင်းများကို အလွဲသုံးစားပြုကာ ခိုလှုံခွင့် (Asylum) လျှောက်ထား နေကြသဖြင့် ဗြိတိန်၏ ဗီဇာလျှော့ပေါ့ပေးမှုများကို အခွင့်ကောင်းယူနေကြသည်ဟုဆိုကာ ယခုကဲ့သို့ မကြုံစဖူး တင်းကျပ်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

 

“ဗြိတိန်ဟာ စစ်ပွဲနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဗီဇာစနစ်ကို အလွဲသုံးစားလုပ်တာတော့ ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ဗြိတိန်ရဲ့ ရက်ရောမှုကို အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံသားတွေကို ဗီဇာငြင်းပယ်ဖို့ မကြုံစဖူး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး ရှာဘာနာ မာမွတ် (Shabana Mahmood) က ပြောကြားခဲ့သည်။

UK အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း ခိုလှုံခွင့်တောင်းခံသူ ၁ သိန်းအနက် ၃၉ ရာခိုင်နှုန်းမှာ ကျောင်းသားဗီဇာဖြင့် လာရောက်ကြသူများဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ခိုလှုံခွင့်လျှောက်ထားမှုမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

“GCSE တက်နေတဲ့ ကလေးတွေ UK မှာ ကျောင်းထားဖို့ စဉ်းစားထားတာပါ။ ထိုင်းကိုလည်း သိပ်မကြိုက်တာမို့ သမီးလေးနှစ်ယောက်အတွက် UK မှာ ကျောင်းတက်ဖို့ အိပ်မက်တွေ ရှိခဲ့ကြတာပေါ့။ အခုလို ပိတ်လိုက်တော့ ကလေးတွေရဲ့ စိတ်ကူးအိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရသလို ခံစားရတယ်” ဟု UK တွင် ကျောင်းဆက်တက်ရန် ပြင်ဆင်နေသည့် ကျောင်းသားမိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်မှုထမ်း ဥပဒေကြောင့် လူငယ်အများအပြားမှာ ပြည်ပသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြရသည်။ ယခုကဲ့သို့ UK ၏ ပိတ်ပင်မှုကြောင့် ပညာသင်ကြားရန် ရည်ရွယ်ထားသည့် လူငယ်များပါ ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

ဗြိတိန် (UK) အစိုးရသည် အာဖဂန်နစ္စတန် နိုင်ငံသားများကိုမူ ကျောင်းသားဗီဇာအပြင် အလုပ်ဗီဇာ (Work Visa) ပါ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီအစဉ်မှာ မတ်လ ၂၆ ရက်နေ့မှစတင်၍ အသက်ဝင်မည် ဖြစ်သည်။

ကိုးကား – The Guardian