ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်းရှိ အဓိက ကျသော နေရာသုံးခု ထိမှန်ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
AA သည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ကပစ-၁၆ စက်ရုံအတွင်းသို့ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံဝင်းအတွင်း လက်နက်ကြီးကျည် ခြောက် လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အရေးပါသည့် အဆောက်အအုံများ ထိမှန်ခဲ့ခြင်းဖြစ်သည်။

“စက်ရုံအတွင်းကို ရှော့တိုက်ဒုံး ဒါမှမဟုတ် လက်နက်ကြီးတွေနဲ့ တိတိကျကျ ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့တာကို တွေ့ရပါတယ်။ အဓိကနေရာ သုံး ခု ပေါက်ကွဲပျက်စီးသွားလို့ အတော်လေး အထိနာ သွားပုံရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဥသျှစ်ပင်၊ ညောင်ကျိုးနှင့် တောင်ကုတ်ရိုးပေါ်အထိ လေကြောင်း ကင်းထောက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသန်းပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။
AA ၏ ထိုးစစ်ဆင်မှုမှာ ပန်းတောင်းရှိ ကပစ-၁၆ စက်ရုံကို လက်နက်ကြီးဖြင့် လှမ်းပစ်နိုင်သည်အထိ နီးကပ်လာနေပြီး စက်ရုံအနီးတစ်ဝိုက်တွင် ခြေကုပ်ရယူနိုင်ရန် ကြိုးစားလာနေခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ စစ်ရေးတင်းမာနေချိန်တွင် ကပစ-၁၆ စက်ရုံမှူးဖြစ်သူ ရုရှားပြန် ဗိုလ်မှူးကြီး အောင်မြင့်ထွန်း က စက်ရုံအနီးရှိ မသုန်ကျေးရွာသားများကို ညဘက်တွင် မီးလုံးဝအသုံးမပြုရန် ညွှန်ကြားထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးပြောဆိုထားသည်။
ပုံစာ- စက်မှုအင်ဂျင်နီယာသင်တန်းကျောင်း တစ်ခုတွင်တွေ့ရသည့် စစ်ခေါင်းဆောင် (ပုံဟောင်း)