ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်စစ်သင်္ဘော ၁၁ စင်းလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

“လွန်ခဲ့တဲ့နှစ်ရက်က အီရန်အစိုးရဟာ အိုမန်ပင်လယ်ကွေ့မှာ စစ်သင်္ဘော ၁၁ စင်း ရှိခဲ့ပေမယ့် ဒီ နေ့မှာတော့ စစ်သင်္ဘောတစ်စင်းမှ မရှိတော့ပါဘူး” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အီရန်နိုင်ငံဟာ အိုမန်ပင်လယ်ကွေ့အတွင်းရှိ နိုင်ငံတကာရေလမ်းကြောင်းကို ဆယ်စုနှစ်ချီ နှောင့် ယှက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောဆိုခဲ့ပြီး လွတ်လပ်သော ရေကြောင်း သွားလာခွင့်ကို ကာကွယ်သွားဖို့ ကတိပြုလိုက်ပါတယ်။

အီရန်စစ်သင်္ဘော ၁၀ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားပြီးနောက် အခုလိုကြေညာချက် ထွက်လာတာပါ။

အီရန်ရေတပ်ဌာနချုပ်ကို အလုံးစုံ ဖျက်ဆီးခဲ့ပြီလို့လည်း ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ အီရန်ရေ တပ်ကို တိုက်ခိုက်ခြင်းဟာ အဓိပတိ အယာတိုလာခါမေနီ အပါအဝင် အီရန် အကြီးတန်း အရာရှိတွေ သေ ဆုံးစေခဲ့တဲ့ အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အီရန်နိုင်ငံကလည်း အမေရိကန်စစ်ဘက်စခန်းတွေရှိရာ ပင်လယ်ကွေ့တိုင်းပြည်တွေကို ပစ်မှတ် ထားတဲ့ ဒရုန်းနဲ့ဒုံးကျည် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; US claims to have destroyed all Iranian ships in Gulf of Oman