ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
ပြည်တွင်း၌ စက်သုံးဆီ ဝယ်ယူရခက်ခဲနေမှုအပေါ် စစ်ကော်မရှင်က ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခ များကို အကြောင်းပြကာ လာမည့် မတ်လ ၇ ရက်နေ့မှစ၍ ပုဂ္ဂလိကယာဉ်များကို နံပါတ်ပြားပါ “စုံ/မ” ဂဏန်းအလိုက် ရက်ကျော်မောင်းနှင်ရန် ကန့်သတ်ချက် ထုတ်ပြန်လိုက်သည်။
စစ်ကော်မရှင်၏ ယနေ့ မတ် ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများ ကြောင့် စက်သုံးဆီတင်သင်္ဘောများ သွားလာရာ ရေလမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် စက်သုံးဆီ ဖူလုံမှုရှိစေရန်ဟုဆိုကာ ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များအပါအဝင် အများပြည်သူများအနေဖြင့် စက်သုံးဆီများကို ဝယ်ယူစု ဆောင်းခြင်းနှင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကန့်သတ်ချက်အရ လာမည့် ၊ မတ်လ ၇ ရက်နေ့မှစတင်ကာ ပြက္ခဒိန်စုံရက်များတွင် ကားနံပါတ်အဆုံးသတ် ဂဏန်းအစုံပါသောယာဉ်များ (ဥပမာ – 2A/—-, 4A/—-) နှင့် မရက်များတွင် ဂဏန်းအမပါသောယာဉ်များ (ဥပမာ – 1A/—-, 3A/—-) သာ တစ်လှည့်စီ မောင်းနှင်ခွင့်ရရှိမည်ဖြစ်သည်။
သို့သော် လျှပ်စစ်မော်တော်ယာဉ် (EV) များ၊ အများပြည်သူသုံး တက္ကစီများ၊ ဆီတင်ယာဉ်များ၊ ဆောက်လုပ်ရေးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များနှင့် လူနာတင်ယာဉ်၊ မီးသတ်ယာဉ်ကဲ့သို့ သော အရေးပေါ်ယာဉ်များကိုမူ နေ့စဉ်မောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါကန့်သတ်ချက်သည် စက်သုံးဆီနှင့်ပတ်သတ်ပြီး သတင်းထပ်မံမထုတ်ခင်အထိ အတည်ဖြစ် ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း စက်သုံးဆီဖူလုံရေး ချမှတ်ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၆၁ ရက်စာ ဖူလုံမှုရှိပြီး နှင့် အိန္ဒိယနိုင်ငံတွင် ၂၅ ရက်စာ ဖူလုံမှုရှိ ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် ပြည်တွင်းတွင် စက်သုံးဆီဖူလုံရေးအတွက် ပြင်ပသို့ ဆီရောင်းချမှုပိတ်ထားသဖြင့် မြန်မာနယ်စပ်မြို့များတွင် စက်သုံးဆီဝယ်ယူရရှိမှုခက်ခဲလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ကမ္ဘာ့ရေနံစိမ်းစီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တစ်ဝိုက် စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်အပေါ် ရိုက်ခတ်မှုများ ရှိနေခြင်းဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်နိုင်ငံအနေဖြင့် နျူကလီယားလက်နက် ဆက်လက်တည်ဆောက်နေသည်ဟု ဆိုကာ ကျူးကျော်စစ်ပွဲကိုဆင်နွှဲ၍ စတင်တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်