ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
အာဏာသိမ်း စစ်ကော်မရှင်က ယမန်နေ့ မတ် ၂ ရက်နေ့က အကျဉ်းသား၊ အကျဉ်းသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့် အယောက် ၇၃၃၇ ဦးတွင် ယနေ့ မတ် ၃ ရက်နေ့၊ နေ့လယ် တစ်နာရီအထိ စာရင်းများအရ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၆၁၃ ဦးသာ လွတ်မြောက်သေးကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားမျာရကွန်ယက်(PPNM) ထံကသိရသည်။
လွတ်မြောက်လာသူများမှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၁ ခုမှ နိုင်ငံရေး အကျဉ်းသား ၂၂၄၀ ဦးနှင့် အကျဉ်းသူ ၇၅၆ ဦးတို့ဖြစ်ပြီး လက်ရှိအချိန်အထိ လွတ်မြောက်စာရင်းပါပြီး မလွတ်မြောက်သေးသည့် နိုင်ကျဉ်းအများအပြားရှိနေကြောင်းလည်း PPNM ထံက သိရသည်။
” အမည်တွေခေါ်ထုတ်ပြီးမှ လွတ်မလာတဲ့သူတွေရှိတယ်။ အိုးဘိုထောင်မှာဆို လူ၄၀၀ လောက်က အဲ့လိုအခြေအနေမျိုးကြုံခဲ့ရတယ်” ဟု အိုးဘိုထောင်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် လွတ်မြောက်ရမည့်နိုင်ငံရေးအကျဉ်းသား ၂၅၀ ရှိသော်လည်း ယခုအချိန်အထိ ၅၀ ဝန်းကျင်သာပြန်လည် လွတ်မြောက်သေးကြောင်း PPNM ကထုတ်ပြန်ထားသည်။
“လက်ရှိအခြေအနေအရ စစ်တပ်ဟာ၇၀၀၀ကျော်ဆိုတာ ကျွန်တော်တို့လိုမျိုးစောင့်ကြည့်မှုတွေသာမရှိခဲ့ဘူးဆို တကယ်လွတ်ခဲ့သယောက်ဖော်မှာဖြစ်တယ်။ ကျွန်တော်တို့စောင့်ကြည့်မှုမှာတော့ ၃၀၀၀ ကျော်ပဲလွတ်တာဖြစ်တဲ့အတွက် နောက်ထပ်နိုင်ကျဉ်း ၃၀၀၀ ကျော်လောက်ကျန်သေးတယ် ပြောလို့ရတယ်။လွတ်မယ်လို့နာမည်စာရင်းတွေထွက်ပြီးမှ လုံးဝကိုမလွတ်ပေးတဲ့အခြေအနေမျိုးတွေလည်းတွေ့ရတယ်” ဟု PPNM မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသား ၇၀၀၀ ကျော်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ၅၂(က)တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။