ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ၂ ရက်ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲများအတွင်း ဓာတုဗုံးများပါ အသုံးပြု နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ပုလဲနယ်အတွင်း အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်သည် ချင်ပြစ် ရွာတွင် အခြေစိုက်ကာ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

 

ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်က စတင်ဝင်လာသည့် အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ယနေ့ မတ် ၃ ရက်အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ မတ် ၂ ရက်နေ့က ဂျက်ဖိုက်တာလေယာဉ်များအပြင် ပါရာမော်တာ (စက်တပ်လေထီး) များဖြင့်ပါ အသုံးပြု၍ တစ်နေကုန်နီးပါး ၁၆ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“မတ် ၂ ရက်နေ့ ညနေပိုင်းမှာ ဓာတုဗုံးနဲ့ပါ ကြဲတာ။ ဂျက်ဖိုက်တာကြီးပဲ ၅ ခါထက်မနည်းဘူး။ ညဘက် တွေပါ ဗုံးကြဲနေတာ။ အခုလည်း လေကြောင်းကနေ နေ့ရောညပါ တိုက်ခိုက်နေတုန်းပဲ” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်းတို့ထံ ဘက်ပြောင်း ခိုလှုံသွားသည့် ဗိုလ်နဂါး၏ သတင်းပေးချက်များအတိုင်း ကျေးရွာများကို ပစ်မှတ်ထား စစ်ကြောင်းထိုး နေခြင်းဖြစ်ပြီး PDF နှင့် ပတ်သက်သည့် နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

 

ယနေ့ မတ် ၃ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းသည် ဆီးဖြူကုန်းပျူရွာမှ ထွက်ခွာလာပြီး စစ်ကြောင်းထိုးနေသဖြင့် ပိတောက်ကုန်း၊ ကြာစီ၊ လှိုင်းရွာ၊ မုံသွင်၊ မုရိုးတုန်း အပါအဝင် ယင်းမာပင် ခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာထက်မနည်းမှ ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

 

ဓာတ်ပုံ-ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( ပုံဟောင်း)