ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခံနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး မတ်လ ၂ ရက်နေ့က သစ်ပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် ဖြစ်ပြီး ၎င်းသည် သစ်ပင်ပေါ်သို့ ခွေးတောက်ရွက်တက်ခူးစဉ် ပြုတ်ကျ၍ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။
“ခွေးတောက်နွယ်က အပင်ကြီးပေါ် တက်နေတာ။ အဲဒါ ခူးရင်းနဲ့ အပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေတာ။ သူက ထန်းရည်သောက်ပြီး ပြန်လာတာမို့ မူးနေပုံရတယ်” ဟု ကုန်းတောင်နီ ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဦးသိန်းဇော်သည် မသေဆုံးမီအချိန်အထိ သဲဖြူကျေးရွာရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအသစ် ဦးမြင့်ဦး၏ နေအိမ်တွင်ပြုလုပ်မည့် အစည်းအဝေးသို့တက်ရောက်ရန် ရွာအတွင်း လိုက်လံဖိတ်ကြားခဲ့ သေးကြောင်း သိရသည်။
၎င်းသည် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဌေးနှင့်ပေါင်းကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ငွေကြေးများ အဆမတန်တောင်းယူကာ အလွဲသုံးစားလုပ်ခြင်းများကြောင့် ဒေသခံများ အကြား နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင်လည်း နွားခြံအုပ်စုအတွင်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များအနေဖြင့် အုပ်ချုပ်ရေးမှူးသစ် ဦးမြင့်ဦးထံသို့ တစ်ဦးလျှင် ငွေကျပ်လေးသောင်းစီ မတရားပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ အကျပ်ရိုက်နေချိန်တွင် ယခုကဲ့သို့ လက်ပါးစေ ပျူစောထီးခေါင်းဆောင် သေဆုံးသွားမှုအပေါ် ဒေသခံအချို့က “ဝဋ်လည်တာ” ဟု မှတ်ချက်ပြု ပြောဆိုသည်။
ဓာတ်ပုံ-ကုန်းတောင်နီကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်
#အင်္ဂပူ #ပြည်သူ့စစ်မှုထမ်း #ငွေတောင်းကြမ်း #ပျူစောထီး #သစ်ပင်ပြုတ်ကျ #ဇက်ကျိုးသေဆုံး
#Ayeyarwaddy_Times