နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

 

အာဏာသိမ်းစစ်တပ်ကို ခုခံတွန်းလှန်နေသည့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုများ ဖော်ဆောင်ရာ၌ ပြည်သူ လူထုအား ဝန်မပိစေရေးအတွက် အထူးသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

မတ်လ ၂ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက တော်လှန်ရေးထိရောက်မှုနှင့် လူထုအကျိုးစီးပွား ယှဉ်လာပါက ပြည်သူ့အကျိုးကိုသာ ဦးစားပေးရန် လိုအပ်ကြောင်း အလေးပေး ပြောဆိုသည်။

 

“တော်လှန်ရေး လှုပ်ရှားမှုတွေ ဖော်ဆောင်တဲ့နေရာမှာ လူထုကို ဝန်ပိစေတဲ့ ကိစ္စရပ်တွေ မဖြစ်ဖို့ အထူးသတိထားဖို့ လိုပါတယ်။ ဒါ့အပြင် လူထုအကျိုးစီးပွားနဲ့ တော်လှန်ရေးထိရောက်မှု ယှဉ်လာရင် လူထုရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့ လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးကာလ ငါး နှစ်တာအတွင်းသို့ ရောက်ရှိလာပြီဖြစ်ရာ အချိန်ကြာညောင်းလာ သည်နှင့်အမျှ လူထုနှင့် တော်လှန်ရေးအင်အားစုများအတွက် အထွေထွေအကန့်အသတ်နှင့် အကျပ် အတည်းများ ပိုမိုကြီးထွားလာနေကြောင်း ၎င်းက သုံးသပ်သည်။

 

“ပြည်သူ့ယုံကြည်မှုဟာ တော်လှန်ရေးရဲ့ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင် တော်လှန်ရေးဆက်လုပ်ဖို့ မလွယ်ကူနိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်” ဟု ယာယီသမ္မတက ဆက်လက်သတိပေးသည်။

 

ထို့အပြင် စစ်ကော်မရှင်သည် နိုင်ငံရေးထွက်ပေါက်အတွက် အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး အုပ်ချုပ်ရေးယန္တရား အသက်ရှူချောင်စေရန်အတွက် ဖွဲ့စည်းပုံ ပုံစံသစ်တစ်ခုသို့ ပြောင်းလဲရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ဖော်ထုတ်ပြောဆိုသည်။

 

(၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့က ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ပူးတွဲထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် စစ်အုပ်စုအား တရားဝင်မှုဖြစ်စေမည့် လုပ်ရပ်များနှင့် NCA အမည်ခံ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သတိကြီးစွာ ရှောင်ရှားကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဟု ဖော်ပြထားသည်။

 

“ကျွန်တော်တို့ဟာ မိမိတို့အချင်းချင်း ပဋိပက္ခမဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရှားပြီး ရည်ရွယ်ချက် ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ဖျက်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားမှာဖြစ်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားခဲ့သည်။

 

ဓာတ်ပုံ – NUG