ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

 

စစ်ကော်မရှင်က နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချရန်အတွက် သွင်းကုန်များကို ကန့်သတ်ထားသည့် အပြင် နယ်စပ်သွင်းကုန်များအပေါ် ဖမ်းဆီးစစ်ဆေးမှုများပါ အရှိန်မြှင့် လုပ်ဆောင်နေခြင်းကြောင့် ရန်ကုန်မြို့အပါအဝင် ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားဖြစ် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

အထူးသဖြင့် ထိုင်းနိုင်ငံထုတ်ကုန်စည်များမှာ ယခင်က တစ်ပတ်၊ နှစ်ပတ်ခန့်သာ ပြတ်လပ်လေ့ ရှိသော်လည်း ယခုအခါ ဝယ်ယူ၍မရတော့ဘဲ လနှင့်ချီကြာ ပစ္စည်းပြတ်လပ်မှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

 

“City Market ကလည်း ဝင်းသူဇာ ဖြစ်နေပြီ။ သူတို့တံဆိပ်နဲ့ ပစ္စည်းတွေပဲ ရှိတော့တယ်။ City Value တို့၊ Selection တို့ဆိုပြီး ငရုတ်သီးမှုန့်ကအစ ကိုယ်တိုင်ထုတ်ရောင်းနေတာ။ အခြား တကယ်လိုအပ်တဲ့ နိုင်ငံခြားဖြစ် အရည်အသွေးမီ ပစ္စည်းတွေကတော့ လုံးဝမရှိတော့ဘူး” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နေ့စဉ်သုံး ဟင်းခတ်အမွှေးအကြိုင်များမှအစ သွားတိုက်တံ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများအထိ ရှားပါးနေပြီး အွန်လိုင်းဈေးသည်များမှာလည်း ပစ္စည်းအဝင်မရှိသဖြင့် လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

 

“ အရင်လိုသုံးနေကျပစ္စည်းတွေမရှိတော့ဘူး။ အလှကုန်ဘက်ဆို ခေါင်းလျှော်ရည် ဆပ်ပြာတွေဆို အရင်သုံးနေကြတံဆိပ် မရှိတော့ဘူး။ အခုကအစစ်ဆေးကြမ်းပြီး လမ်းတွေပိတ်လို့ လို့ပြောတယ်” ဟု အွန်လိုင်းဈေးရောင်းသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားသည့်အပြင် အခြားလမ်းကြောင်းများမှ တင်သွင်းလာသော ကုန်စည်များကိုလည်း “တရားမဝင်ကုန်သွယ်မှု” အဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများပြားလျက်ရှိသည်။

နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် ကုန်စည်အချို့ကို လေကြောင်းလိုင်းများမှတစ်ဆင့် တင်သွင်းရန် ကြိုးပမ်းမှုများ ရှိသော်လည်း သယ်ယူစရိတ် အဆမတန် မြင့်မားခြင်း၊ တင်ဆောင်နိုင်သည့် ပမာဏ ကန့်သတ်ချက်ရှိခြင်းနှင့် စစ်ကော်မရှင်က စီးပွားဖြစ် တင်သွင်းခွင့်လိုင်စင်များ တင်းကျပ်ထားခြင်း တို့ကြောင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘဲ ကုန်စည်ပြတ်လပ် မှုကိုသာ ဆက်လက်ရင်ဆိုင်နေရကြောင်း သိရသည်။

 

“ထိုင်းကုန်စည်တွေက ဘားအံ့အထိတော့ သွင်းလို့ရတယ်။ ဘားအံ့ကနေ ရှေ့ဆက်တက်လို့ မရဘူး။ မရမ်းချောင်းဂိတ်မှာ အရမ်းစစ်တာ။ ဂိတ်တွေမှာ ပေးရကမ်းရတာတွေလည်း မနည်းဘူး” ဟု မော်လမြိုင်-ပဲခူး လိုင်းဆွဲနေသည့် ကုန်ကားပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်၏ စာရင်းအရ တာချီလိတ် (မယ်ယန်း) နယ်စပ်ဂိတ်မှ ပို့ကုန်ရငွေများ ရရှိနေသည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ ကုန်စည်စီးဆင်းမှု ရပ်တန့်နေသဖြင့် ကုန်တင်ယာဉ်အများစုမှာ လုပ်ငန်း ရပ်နားထားရသည်။

 

စစ်ကော်မရှင်က သွင်းကုန်များကို အတင်းအကျပ် ပိတ်ဆို့ကန့်သတ်၍ ပြည်တွင်းဖြစ် ပစ္စည်းများကိုသာ သုံးစွဲရန် ဖိအားပေးနေသော်လည်း ပြည်တွင်းထုတ်ကုန်များမှာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိသည့်အပြင် အရည်အသွေးပိုင်းတွင်လည်း အားနည်းချက်များ ရှိကြောင်း သိရသည်။

 

စစ်ကော်မရှင်စာရင်းရ လက်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများထဲမှ တာချီလိတ်နယ်စပ် ကုန်သွယ်ရေး စခန်း ( မယ်ယန်း) သည် ပို့ကုန်/ သွင်းကုန်အဝင်အထွက်ရှိနေကာ ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် ပို့ကုန်ရငွေ ကန်ဒေါ်လာ ၂၄၂ သန်း၊ ၂၀၂၅ – ၂၀၂၆ ဇန်နဝါရီလအထိ ကန်ဒေါ်လာ ၁၆၆ သန်းရရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်