နိင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် တိုက်ပွဲများကြား ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း ၃ ၌ စစ်ကော်မရှင်ခန့် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လဝက ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တို့ ဝင်ရောက်ယှဥ်ပြိုင် ကြသည့်အတွက် ရေကြည်မဲဆန္ဒနယ်မှာ နိုင်ငံရေးစိတ်ဝင်စားသူများ အလေးထား စောင့်ကြည့်နေသည့်ဒေသတစ်ခု ဖြစ်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်မောင်ဝင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း ဧရာ၀တီတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ပြည်သူ ရွေးချယ်တင်မြှောက်ခြင်းမရှိဘဲ ဧရာ၀တီတိုင်းကို စစ်ခေါင်းဆောင်အလိုကျ အချိန် ၄ နှစ်ကျော် အုပ်ချုပ်ခဲ့သူဖြစ်သည်။

ဦးတင်မောင်ဝင်းမှာ ရေကြည်မြို့ဇာတိဖြစ်သည့်အတွက် လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအဖြစ် ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်ခြင်း ဖြစ်သည်။ ၄င်းအနိုင်ရပါက ဧရာ၀တီတိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရနိုင်ကြောင်း သတင်းကြီးနေသူဖြစ်သည်။

“တင်မောင်ဝင်းက ရေကြည်သားဆိုတော့ သူ့ဒေသမှာ ပြန်ပြိုင်တာ။ အခုက သူတို့စစ်တပ်က ထင်တိုင်းချယ်လှယ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ခေတ်ဆိုတော့ သူ (ဦးတင်မောင်ဝင်း) ပဲ နိုင်မှာပါ။ ဒါကလည်း အားလုံးကြိုသိနေပြီးသားဆိုတော့ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး”ဟု နိုင်ငံရေးစိတ်ဝင်စားသူ ရေကြည်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြည်နယ်မှ ရွေးကောက်ပွဲဝင်သည့် ထင်ရှားသူနောက်တစ်ဦးမှာ အာဏာသိမ်းစစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဖြစ်သည်။ ဦးမြင့်ကြိုင်က ရေကြည်မြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ဝင်ပြိုင်ခြင်းဖြစ်သည်။

ရေကြည်မဲဆန္ဒနယ်မှ တတိယမြောက်ထင်ရှားသူက သမ္မတဦးသိန်းစိန်လက်ထက် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော ဦးဆန်းဆင့်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ်၌ အနိုင်ရခဲ့ပြီးနောက် ဧရာ၀တီတိုင်းလွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးဆန်းဆင့် လွှတ်တော်ဥက္ကဌ တာဝန်ယူစဥ် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် နိုင်ငံရေး ပွတ်တိုက်မှုနှင့် အားပြိုင်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီ၏သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးရာထူးပေးအပ်၍ နေပြည်တော်သို့ ခေါ်ယူတာဝန်ပေးခဲ့သည်။

သာသနာရေးဝန်ကြီးဖြစ်လာသည့်ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့် ကြံ့ခိုင်ရေးအစိုးရကဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ရင်းနှိးသူများက ဦးဆန်းဆင့်မှာ ရိုးဖြောင့်သူ ဖြစ်ပြီး နိုင်ငံရေးမကျေနပ်ချက်ကို အငြှိုးထား၍ ကြံ့ခိုင်ရေးပါတီတွင်းရန်သူများက လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ယခုအခါ ဦးဆန်းဆင့်သည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် သူအနိုင်ရခဲ့သော ဇာတိမြေရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံ ယှဥ်ပြိုင်ခြင်း ဖြစ်သည်။

“ရေကြည်မှာက စစ်တပ်ခေတ်ဆိုတော့ ကြံ့ခိုင်ရေးတွေပဲ ကြီးစိုးနေတာ။ ဦးဆန်းဆင့်နိုင်ဖို့ မလွယ်လောက်ဘူး”ဟု ရေကြည်ဒေသခံက ဆိုသည်။

ရေကြည်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA ဦးဆောင်သော PDF မဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် ကျေးရွာအုပ်စု ၄ စုတွင် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနိုင်ခြင်းမရှိကြောင်း၊ တိုက်ပွဲမရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲရုံပေါင်း ၁၂၀ ခန့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။