ဧရာဝတီတိုင်းမ်
(တောင်ငူ ) ဇန်နဝါရီ ၂၄ရက်

 

ပဲခူးတိုင်း ၊ တောင်ငူမြို့တွင် အသံကျယ်လောင်စွာဖွင့်ပြီး အလှူဝတ်လှည့်သော ဆောင်းဘောက်ကား နှစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် ၊ နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ဆောင်းဘောက် ကား နှစ်စီးအား တောင်ငူခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ၊ စုပေါင်းရုံးဝန်းထဲတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရုံးဝန်ထမ်းများထံက သိရသည်။

“ကျွန်မတို့ ကချောင်းရွာက အလှူပါ။ ဆင်တွေ မြင်းတွေ နဲ့ လှူတာ အကြီးအကျယ်ပဲ။ “စိန်ထက်ရှား” ဘောက် ရယ် “ဇော်ဝင်း” ဘောက်ရယ် ကား နှစ်စီးပါတယ် ။ ထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနရုံး ၊ တိုက်ဝါကြီးရှေ့ရောက်တော့ ဖွင့်တာ ကြမ်းသွားတယ်ထင်ပါတယ် ။ အသွားတုန်း ဘာမှ မဖြစ်ဘူး ။ မြို့ထဲလှည့်ပတ်ပြီးပြီ အပြန်ကျမှ အဖမ်းခံရတာ ဆောင်းဘောက်ကားတွေကို ရုံးထဲ ထည့်ထားတယ်” ဟု အလှူလှည့်လိုက်ပါခဲ့သည့် အမျိုးသမီးတဦးက ပြောသည်။

 

တောင်ငူတွင် အလှူပွဲ နှင့် မဂ်လာဆောင်ပွဲများတွင် ဆောင်းဘောက်များအား ငှားရမ်းပြီး အသံကျယ်လောင်စွာဖွင့်၍ မိမိတို့ အလှူပွဲ ၊ မဂ်လာဆောင်ပွဲ များအား ဂုဏ်ယူတတ်ကြလေ့ရှိကြောင်း သိရသည်။

 

အသံချဲစက် နှင့် ပက်သတ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲစက်ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့်ရယူ ရမည်အပြင် သတ်မှတ်စည်းကမ်းနှင့်အညီ ဖွင့်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်ငွေ မဆောင်နိုင်ပါက ခုနှစ်ရက် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။