နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၃)တွင် စစ်ခေါင်းဆောင် အကြံပေးအပါအဝင် ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်သူများအနက် ပြိုင်ဘက်မရှိသဖြင့် အမတ်နေရာ ၁၁ နေရာ ကြိုတင်အနိုင်ရထားကြောင်း သိရသည်။

ထို့အပြင် “ကျားဖြူပါတီ” ဟု ခေါ်‌ဝေါ်ကြသော စစ်ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံ ပူးပေါင်းနေသည့် ဦးစိုင်းအိုက်ပေါင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ကလည်း မယှဥ်ပြိုင်ရဘဲ တစ်နေရာနိုင်ထားကြောင်း သိရသည်။

မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်မည့် ထိုရွေးကောက်ပွဲ အပိုင်း (၃) မြို့နယ်များအနက် ကိုးမြို့နယ်၌ တခြားပါတီများ ဝင်ပြိုင်ခြင်းမရှိသဖြင့် ကြံ့ခိုင်ရေးပါတီနှင့် ကျားဖြူပါတီတို့က စုစုပေါင်း အမတ်နေရာ ၁၂ နေရာ အနိုင်ရထားခြင်းဖြစ်ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမြို့နယ်များမှာ ကချင်ပြည်နယ်ရှိ ရွှေကူ၊ စစ်ကိုင်းတိုင်းရှိ ကနီ၊ ဆားလင်းကြီး၊ တနင်္သာရီတိုင်းရှိ လောင်းလုံ၊ သရက်ချောင်းနှင့် ရှမ်းပြည်နယ်ရှိ ဖယ်ခုံ၊ မိုးနဲ၊ ကျောက်မဲ၊ မက်မန်းတို့ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက မိုးနဲမြို့နယ်မှလွဲ၍ ကျန်ရှိ ၈ မြို့နယ်တွင် အနိုင်ရထားခြင်းဖြစ်သည်။

ထိုအနက်မှ လက်ရှိစစ်ခေါင်းဆောင် ဦးဆောင်ထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)၏ အရပ်သား ဗဟိုအကြံပေးအဖွဲ့ဝင် ဦးရန်ကျော်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ မက်မန်းမြို့နယ်တွင် ပြိုင်ဘက်မရှိ ပြည်သူ့လွှတ်တော်နေရာကို ရယူထားသည်။

အလားတူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ပြိုင်ဘက်မရှိ ကြိုတင်နိုင်ထားသူများမှာ ရွှေကူ၊ ကနီ၊ ဆားလင်းကြီးမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP)နေရာများ၊ လောင်းလုံ၊ ဖယ်ခုံမြို့နယ်တို့၌ ပြည်သူ့လွှတ်တော်နေရာများဖြစ်ကြသည်။

ထို့အပြင် သရက်ချောင်းနှင့် ကျောက်မဲမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် (FPTP) နေရာများဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကဲ့သို့ ကျားဖြူပါတီကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မိုးနဲမြို့နယ်၌ ပြိုင်ဘက်မရှိသဖြင့် ပြည်သူ့လွှတ်တော်နေရာ နိုင်ထားခြင်းဖြစ်သည်။

ယင်းအတွက် စစ်ကော်မရှင်က ကနဦး နိုင်ငံတဝန်းရှိ မြို့နယ် ၆၃ မြို့နယ်၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း နီးကပ်လာချိန် ဇန်နဝါရီ ၂၁ ရက်တွင်မူ ကချင်ပြည်နယ်ရှိ မံစီ၊ မိုးမောက် နှစ်မြို့နယ်အပြင် ဗန်းမော်မြို့နယ်ရှိ ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု တစ်ခု၌ အပိုင်း (၃) မပြုလုပ်နိုင်‌ဟု ဆိုသည်။

ထို့အပြင် ပြိုင်ဘက်မရှိသဖြင့် ကြိုတင်အနိုင်ရထားသော မံစီမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကိုလည်း အမည်စာရင်း ပယ်ဖျက်ထား‌သောကြောင့် စစ်ကော်မရှင်အနေဖြင့် ကျန်ရှိမြို့နယ် ၆၁ မြို့နယ်၌သာ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ဓာတ်ပုံ-USDP