ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဇန်နဝါရီ ၂၄ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်များ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ခွာဖိုးကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးသီး သုံးလုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
“ရွာရဲ့ အစွန်ဘက် စာသင်ကျောင်းကို ဗုံးသီး သုံး လုံးလောက် ဗုံးကြဲသွားတာပါ။ စာသင်ကျောင်းရဲ့ အောက်ဘက်မှာ ကျပေါက်ကွဲလို့ စာသင်ကျောင်း ပျက်စီးသွားတယ်”ဟု ထန်တလန်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဗုံးကျပေါက်ကွဲသည့်နေရာများတွင် အရပ်သားပြည်သူများနေထိုင်ခြင်းမရှိသည့်အတွက် လူထိခိုက်မှု မရှိကြောင်း သိရသည်။
ခွာဖိုးကျေးရွာသည် ထန်တလန်မြို့နှင့် ၅မိုင်ခန့်ဝေးပြီး ရွာတွင် မည်သည့်စစ်ရေးလှုပ်ရှားခြင်းမှမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရွာမှာ ဘာတိုက်ပွဲလည်း မရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တပ်စွဲတာ၊ စစ်ရေးလှုပ်ရှားမူတွေ မရှိဘူး။ ပုံမှနိအခြေအနေမျိုးမှာ စစ်ကောင်စီက ဗုံးကြဲသွားတာပါ”ဟု ထန်တလန်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်သည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ကလည်း ခွာဖိုးရွာကို လေ ကြောင်းမှ တိုက်ခိုက်၍ အရပ်သား ကိုး ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိုခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ရှိခဲ့သည်။
စစ်ကော်မရှင်သည် ချင်းပြည်နယ်တွင် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် မြို့၊ ကျေးရွာရှိ လူနေအိမ်၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းတို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ပုံစာ-ခွာဖိုးကျေးရွာအားတွေ့ရစဉ်(ပုံဟောင်း)