ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
စစ်ကောင်စီ၏ နောက်ဆုံးရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တွင်း၌ မဲရုံနားရှိသော ဈေးများ၊ ဈေးဆိုင်များပိတ်ထားရပြီး မဲရုံများကို စစ်သားများစောင့်ကြည့်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တွင် မဲရုံ ၁,၃၀၀ ဖွင့်မည်ဖြစ်ပြီး လက်ရှိတွင် မဲရုံအချို့၌ စစ်သားများ၊ ပြည်သူ့စစ်များစောင့်ကြည့်နေကြောင်း တာမွေမြို့ခံတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ် မေတ္တာတောင်ညွှန့်မြို့နယ်၊ကျောက်မြောင်း ပတ်ဝန်းကျင်တွင် မဲရုံများပြင်ဆင်ထားပြီဖြစ်၍ မဲရုံပတ်ဝန်ကျင်းရှိ ဈေးများနှင့် ဈေးဆိုင်များပိတ်ထားရကြောင်း ယင်းမြို့ခံက တစ်ဦးက ပြောကြားသည်။

ထို့ပြင်မြို့နယ်များအတွင်း ဆိုင်ကယ်ဘေးတွဲဖြင့် ဈေးလှည့်လည်ရောင်းသူများကိုပါ ဈေးရောင်းချခွင့်မပြုကြောင်းသိရသည်။
”မဲခိုးရုံဧရိယာဝန်းကျင်တွေမှာရှိတဲ့ ကွမ်းယာဆိုင်ကအစ ဆိုင်တွေပိတ်ခိုင်းထားပါတယ်။ အာဏာငမ်းငမ်းတက်လိုချင်နေတဲ့ စစ်ကောင်စီက သမာအာဇီဝ ဈေးရောင်းစားတဲ့သူတွေကို ပိတ်ခိုင်းတယ်။ အရိုးကုန်း ၁၄၇ လမ်းမှာ မဲရုံ နှစ်ရုံ ရှိလို့ စစ်သားနှစ်ယောက်သေနတ်နဲ့ စောင့်နေတယ်။ အရိုးကုန်းစျေးလမ်းမှာ မဲရုံရှိလို့ စျေးကမနေ့တည်းက ပိတ်ထားရတယ် ” ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်မရှင်၏ အဓမ္မရွေးကောက်ပွဲစီစဉ်မှုကြောင့် ပြည်သူများ စီးပွားရေးထိခိုက်မှုအပြင် အနေအထိုင်ကြပ်တည်းရကြောင်း မြို့ခံများထံမှ သိရသည်။
” နေ့စဉ်စားသုံးသူတွေ တနေ့လုပ်တနေ့စားဈေးသည်တွေအတွက် အခုမဲလိမ်မဲခိုးပွဲက အနိုင်ကျင့် ဒုက္ခပေးနေတာ ပြည်သူတွေစိတ်ဆင်းရဲ့ခြင်းနဲ့ကြုံတွေနေရပါတယ်” ဟု မေတ္တာညွှန့်မြို့နယ်နေထိုင်သူတစ်ဦးကလည်း ပြောသည်။
ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရွေးကောက် ပွဲအပိုင်း ၃ တွင် ရန်ကုန်တိုင်းရှိ ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ (၁,၃၀၀) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။