ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု၊ မုဒိမ်းမှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရချိန်တွင် စစ်အရာရှိဟောင်းဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင် ဒုဗိုလ်မှူးကြီးဟောင်း ဘူးလက်လှဆွေက လိင်ပိုင်းဆိုင်ရာစော်ကားမှု အမူအရာများပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို TikTok ပေါ်တွင် ဖြန့်ဝေခဲ့သည်။
“ဘူးလက်လှဆွေက ၎င်း၏ TikTok ရုပ်သံတွင် နံရံ၌ချိတ်ထားသည့် ဘောင်းဘီ၏ဇစ်ကို ဆွဲဖွင့်ပြရင်း ICJ သို့ ရောက်ရှိနေသည့် ဦးကိုကိုလှိုင်နှင့်အဖွဲ့ကို ရည်ညွှန်းကာ ‘ဂမ်ဘီယာအဖွဲ့ကို အဲဒါမျိုးလေး (ဇစ်ဖြုတ်ပြတာမျိုး) လုပ်ပြခဲ့ပါဦး’ ဟု လိင်ပိုင်းဆိုင်ရာ စော်ကားသည့်ပုံစံဖြင့် ညစ်ညမ်းစွာ အကြံပြုတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။”

အထူးသဖြင့် စစ်တပ်သည် နိုင်ငံတကာတွင် လူမျိုးစုလိုက် သတ်ဖြတ်မှုအပြင် မုဒိမ်းမှုကို လက်နက် သဖွယ် အသုံးပြုသည်ဟူသော စွပ်စွဲချက်များဖြင့် အမှုရင်ဆိုင်နေရချိန်တွင် ၎င်းတို့အား ထောက်ခံသူ စစ်အရာရှိဟောင်းတစ်ဦးက ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပုံစံကို လူသိရှင်ကြား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်က နိုင်ငံတကာတရားရုံးနှင့် တရားသူကြီးများကို မဝေဖန်ရန်နှင့် အမုန်းစကားများ မပြောဆိုရန် ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် မြဝတီရုပ်သံမှတစ်ဆင့် ပထမဆုံးအကြိမ် သတိပေး ထုတ်ပြန်ထားသော်လည်း ၎င်းတို့အား ထောက်ခံသူများကမူ အဆိုပါသတိပေးချက်ကို ဂရုစိုက်ခြင်း မရှိဘဲ ယခုကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်သည်။
ဘူးလက်လှဆွေသည် ယခင်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများလုပ်ဆောင်၍ ဝေဖန်ခံရသူဖြစ်သည်။
ဓာတ်ပုံ-ဘူးလတ်လှဆွေ။