ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇန်နဝါရီ ၂၃ ရက်
ကရင်နီပြည်နယ်၊ မယ်စဲ့အကျဉ်းထောင်မှ ထောင်ဖောက်ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၈၀ ကျော်အနက် ၄၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရောက်ရှိသွားကြောင်း သိရသည်။
ထို့သို့ထွက်ပြေးသွားသော စစ်ကော်မရှင်စစ်သုံ့ပန်းများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်သို့ ထွက်ပြေးရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များထံ အဖမ်းခံခဲ့ကြခြင်းဖြစ်သည်။
“အကြမ်းဖျဉ်းကတော့ တစ်ဝက်နီးပါး ထိုင်းကို ရောက်သွားပြီပေါ့နော်။ လောလောဆယ်တော့ ၄၀ ကျော်သွားပြီ” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညား ခွန်အောင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိသွားသူများအနက် အများစုမှာ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးနှင့် တပ်ခွဲမှူးကဲ့သို့သော အရာရှိကြီးများဖြစ်ကြပြီး ၎င်းတို့သည် ပွဲစားတစ်ဦးမှတစ်ဆင့် ကြားခံကာ ထိုင်းအာဏာ ပိုင်များနှင့် ကြိုတင်ဆက်သွယ်ကာ အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။
အခြားတစ်ဖက်တွင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ထွက်ပြေးသွားသည့် သုံ့ပန်းများကို လိုက်လံဖမ်းဆီးရာတွင် အချို့ကို ပြန်လည်ဖမ်းဆီးရမိထားသလို အချို့မှာမူ ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးထိခိုက်မှုများရှိကြောင်း သိရသည်။
မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးခဲ့သည့် စစ်သုံ့ပန်း စုစုပေါင်း ၈၂ ဦးရှိသည့်အနက် ၅၉ ဦးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန်ရှိသူများမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ကရင်နီတပ်မတော် (KA) ထံ ဘက်ပြောင်းခိုလှုံလာသည့် ဖားဆောင်းအခြေစိုက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်