ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
အိုင်စီဂျေ တွင် သွား ရောက်တရားရင်ဆိုင်နေသည့် စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံရန်နှင့် ဂမ်ဘီယာကို ကန့်ကွက်ဆန္ဒပြပွဲတွင်ပါဝင်ရန် ရန်ကုန်၌ အတင်းအကျပ် ဖိအားပေး လူစုဆောင်းနေကြောင်း သိရသည်။
လာမည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် စစ်တပ်နောက်လိုက်များ ဦးဆောင်၍ ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ပါဝင်ရန် ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက မြို့နယ်နေပြည်သူများကို ဖိအားပေး၍ ပါဝင်ခိုင်းနေကြောင်း သိရသည်။
“တစ်အိမ်ထောင်တစ်ယောက် မဖြစ်မနေလိုက်ရမယ်။ မလိုက်ရင်အရေးယူမယ်၊ ထောင်ချမယ်၊ ဧည့်စာရင်းမပေးဘူး၊ စစ်မှုထမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်ခေါ်တာ။ ပြီးတော့ လိုက်ပေးဖို့ အိမ်ထောင်ဦးစီးတိုင်းအာမခံ လက်မှတ်ထိုးပေးရတယ်။ အုပ်ကြီးက ကြံ့ဖွံ့ပါတီကလေ”ဟု အလုံမြို့နယ်နေသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကော်မရှင်ထောက်ခံသူများ၊ မဘသအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များ ဦးဆောင်ကာ ဂမ်ဘီယာနိုင်ငံအား ကန့်ကွက်ရှုံ့ချပွဲ ပြုလုပ်ရန် ရန်ကုန်အပြင် မန္တလေးနှင့် အခြားမြို့ကြီးအချို့တွင်ပါ လူအင်အား ၁,၀၀၀ ခန့်စီဖြင့် ပြုလုပ်သွားရန် မဘသအဖွဲ့ဝင်များက စီစဉ်နေခြင်းဖြစ်သည်။
နိုင်ငံတကာတရားရုံး ICJ ၌ အမှုရင်ဆိုင်နေရဆဲ ကာလဖြစ်သည့်အတွက် တရားရုံးနှင့် တရားသူကြီးများကို မဝေဖန်ရန်၊ အမုန်းစကား ပြောဆိုရေးသားခြင်းများ မပြုလုပ်ရန် ပထမဆုံးအကြိမ်အဖြစ် စစ်ကော်မရှင်တပ်က ၎င်းတို့ပိုင်မြဝတီရုပ်သံမှတစ်ဆင့် ဇန်နဝါရီလ ၂၁ ရက် ညပိုင်းတွင် သတိပေးထုတ်ပြန်ခဲ့သည်။