‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၃ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် နာရေးအိမ်တစ်ခုကို စစ်ကော်မရှင်က လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့မှ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ကောင်ဂျာ (ထီးလင်း) ကျေးရွာကို ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် နာရေးအိမ်၌ စစ်ရှောင်ပြည်သူများ စုဝေးကာ ခရစ်ယာန်ထုံးစံအရ ဆုတောင်းပွဲ ပြုလုပ်နေချိန်ဖြစ်ပြီး ဗုံးတည့်တည့်ကျရောက်ခဲ့သဖြင့် နေရာတွင်ပင် သေဆုံးသူ အများအပြားရှိကြောင်း သိရသည်။

“နာရေးအတွက် ဆုတောင်းပေးနေချိန် ဗုံးကြဲခံရတာပါ။ သေတဲ့သူတွေထဲမှာ ကလေးတွေလည်း ပါသလို လိုင်ဇာဆေးရုံကို ဒဏ်ရာပြင်းထန်သူ ၂၈ ဦး အထိ ပို့ဆောင်ထားရတယ်” ဟု ကချင်သတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ကောင်ဂျာရွာသည် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ နေရပ်စွန့်ခွာထွက်ပြေးလာသူများ စုဝေး နေထိုင်သည့် နေရာဖြစ်သော်လည်း စစ်ကော်မရှင်က အရပ်သား စစ်ဘေးရှောင်များကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်နှင့်ပုဏ္ဏာကျွန်းမြို့နယ်အစပ်ရှိ စစ်သုံ့ပန်းများ ထားရှိရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၂၁ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ပုံစာ-ဗုံးကြဲခံရသည့် ကောင်ဂျာရွာ