ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ရက်
ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်းသုံး ကျင်းပမည့်နယ်မြေများတွင် စစ်ရေးပြင်းထန်နေသည့် အင်္ဂပူမြို့နယ်အစပ်ရှိကျေးရွာများကို စစ်ကော်မရှင်က ရွေးကောက်ပွဲရက်မတိုင်ခင် မဲပေးရန်စေခိုင်းနေကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ တိုက်ပြွများနှင့် နီးစပ်နေသည့် ပဒတ်ကုန်း၊ သံပုရာကုန်း၊ ကြက်ပေါင်ကုန်း၊ ဂွက်ကြီး ကျေးရွာများကို မဲပေးရန်ခိုင်းစေမှုများရှိကြောင်း သိရသည်။
“မဲရုံတာဝန်ယူထားတဲ့ဆရာမက သတ်မှတ်ရက်မဟုတ်တာရယ် စာသင်ကျောင်းမှာမလုပ်ဘဲ ရွာထဲမှာဖြစ်နေတာရယ်ကြောင့် လက်မခံဘူးပြောပေမယ့် မရဘူးလို့ သိရပါတယ်”ဟု အင်္ဂပူဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဲပေးရန်ရွေးချယ်ထားသည့် ပဒတ်ကုန်းစာသင် ကျောင်းတွင် မဲယူနေခြင်းမဟုတ်ဘဲ ရွာအတွင်းတစ်နေရာ၌ မဲပေးခိုင်းရန် စီစဉ်ထားကြောင်း သိရသည်။
အင်္ဂပူမြို့နယ်နှင့် လေးမျက်နှာမြို့နယ်အစပ်ရှိ ကျေးရွာများသည် စစ်ကော်မရှင်နှင့် AA ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးပြင်းထန်နေသည့်နေရာဖြစ်ပြီး ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ တွင် စစ်ရေးပြင်းထန်နေသည့် ရေကြည်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များ ပါဝင်သည်။
ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင် ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်မည်ဖြစ်ပြီး စစ်ကော်မရှင်က ရေကြည်နှင့် လေးမျက်နှာရှိကျေးရွာ အုပ်စု ၁၉ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။