ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို စစ်မှုထမ်းရန်အတွက် နေ့စဉ် ရက်ဆက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ၁၀ ရက်အတွင်း လူငယ် ၁၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၁၀၀ အထိ တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့ပေါ်ရှိ ရပ်ကွက်နှင့် လူစည်ကားသည့် နေရာများတွင် စစ်မှုထမ်းရန် လူငယ်များကို ကား၊ ဆိုင်ကယ်များဖြင့် လိုက်လံဖမ်းဆီးပြီး စုဆောင်းရေးသို့ ချက်ချင်းပို့ဆောင်နေကြောင်း သိရသည်။
“ကလေးမှာ အဖမ်းအဆီးတွေ ပြန်စလာပြီ။ အရပ်ဝတ်တွေနဲ့ပါ လမ်းသွားလမ်းလာ လူငယ်တွေကို စစ်သားတွေ၊ ရဲတွေက သေနတ်နဲ့ ခြိမ်းခြောက်ဖမ်းတာ။ ဖမ်းပြီးတာနဲ့ စုဆောင်းရေးကို တစ်ခါတည်း ပို့လိုက်တာပဲ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်မှစ၍ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်အထိ လူငယ်အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အချို့မှာ ငွေဖြင့် ပြန်လည်ရွေးထုတ်နိုင်သော်လည်း လူငယ်အများစုမှာ ငွေပေးနိုင် ခြင်းမရှိသဖြင့် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံနေရကြောင်း သိရသည်။
“အခုက ငွေနဲ့လည်း တော်ရုံထုတ်မရတော့ဘူး။ အရင်က သိန်း ၅၀၊ ၆၀ ဆို ရတယ်၊ အခု သိန်း ၁၀၀ အထိ တောင်းနေကြတာ။ သာမန်လူတွေက ဘယ်လိုမှ မပေးနိုင်ဘူးလေ။ မပေးနိုင်ရင် စုဆောင်းရေး တခါ တည်း ပို့လိုက်တယ်။အခု စုဆောင်းရေးမှာတင် ကလေးမြို့က လူငယ်ချည်းပဲ ၁၀၀ လောက် ရှိနေပြီ” ဟု ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏မိဘက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကလေးမြို့အတွင်း စစ်ကော်မရှင်၏ ဖမ်းဆီးမှုများ ပြင်းထန်နေသဖြင့် လူငယ်များအနေဖြင့် အရေးပေါ်ကိစ္စမရှိပါက အပြင်သို့သွားလာခြင်း မပြုလုပ်ကြရန်နှင့် ကျောင်းသားများအနေဖြင့်လည်း ကျောင်းသားကတ်များ အမြဲဆောင်ထားကြရန် ဒေသခံများ အချင်းချင်း တိုက်တွန်းနှိုးဆော်နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ကလေးမြို့တွင်းတစ်နေရာကို တွေ့ရစဥ်။