ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
မြန်မာ့ရွှေဈေးကွက်တွင် မယုံနိုင်စရာ စံချိန်သစ်အဖြစ် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ ထိုးတက်သွားကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၈၇၀ ဒေါ်လာအထိ မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ (စနစ်ဟောင်း) တစ်ကျပ်သားလျှင် အရောင်းဈေး ကျပ် ၁၀၁ သိန်း ၅ သောင်း (၁၀,၁၅၀,၀၀၀) အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။
“မနေ့က ရွှေဈေးထက် ဒီနေ့မှ နည်းနည်းပြန်ကျသွားတာ။ ဘယ်ဈေးပဲဖြစ်ဖြစ် အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ လိုအပ်တဲ့သူတွေကတော့ လာရောင်းနေကြတာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွှေဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ဝယ်ယူထားသူအချို့မှာ ၎င်းတို့ဝယ်ယူခဲ့သည့် ဆိုင်များတွင် ရွှေပြန်လည်ပေါင်နှံခြင်း များပြားလာပြီး ဆိုင်များဘက်မှ ရွှေပြန်မဝယ်နိုင်မည်ကို စိုးရိမ်သဖြင့် ရောင်းချခြင်းထက် ပေါင်နှံခြင်းကို ပိုမိုလုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံတကာရေးရာနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာရာမှ ပြည်တွင်းရွှေဈေးမှာလည်း ယခုလအတွင်း ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်။