ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

 

လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင်ကျင်းပမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၃) အတွက် စစ်တပ်၊ ပြည်သူ့စစ်အပါအဝင်အဖွဲ့ပေါင်းစုံလုံခြုံရေးယူမည်ဖြစ်ကြောင်းသိရသည်။

 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း (၃) တွင် လုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များ၊ စစ်ကော်မရှင်တပ်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး လုံခြုံရေးစီမံချက် များဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“မဖြစ်မနေမို့ မဲသွားပေးခဲ့ရတာ။ အုပ်ချုပ်ရေးမှူးတွေ ကယ်ရီသမားတွေ တွေ့တယ်။ အရန်မီးသတ် တွေလည်း တွေ့တယ်။ ရဲလို့ထင်ရသူ ပြည်သူ့စစ်လို့ထင်ရသူတွေ ရှိတယ်။ မဲရုံထဲပစ္စည်းမယူရတော့ ပစ္စည်းထားတာတစ်နေရာ မဲပေးပြီးထွက်ရတာက တစ်နေရာဆိုတော့ အဲဒီလူတွေကအော်ငေါက် နေတာပဲ ” ဟု ရန်ကုန်မြို့၊ လသာမြို့နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်က လက်ရှိတွင် ၎င်းတို့၏ ရွေးကောက်ပွဲ နှောက်ယှက်သည်ဟုဆိုကာ ရွေးကောက်ပွဲ ဥပဒေနှင့် အရေးယူဆောင်ရွက်မှု ၃၃၁ မှု တွင် အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ဦး စုစုပေါင်း ၄၀၄ ဦးအရေးယူထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၃) အတွက် ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ (၁,၃၀၀) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ အပိုင်း (၂ ) တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – MOI