နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျင်းပနေသည့် စစ်ကော်မရှင်၏ တစ်ဖက်သတ် ရွေးကောက် ပွဲများတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၌ ခန့်အပ်ခံထားရသော စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ “အရပ်သား” ဗဟိုအကြံပေးအဖွဲ့ဝင်များ ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး မဲအနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ခေါင်းဆောင်သည် ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများနှင့် အရပ်သား ဗဟိုအကြံပေးများ ပါဝင်သော ၁၆ ဦးဖြင့် (ကာ/လုံ) ၏ ဗဟိုအကြံပေးအဖွဲ့သစ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ထိုအထဲမှ အဖွဲ့ဝင်အချို့သည် ယခုရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဝင်ပြိုင်ကြသည့် ဗဟိုအကြံပေးအဖွဲ့ဝင် နိုင်ငံရေးသမားများမှာ စစ်ကော်မရှင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားပြု ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြု ဒေါက်တာဗညားအောင်မိုးနှင့် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ကိုယ်စားပြု စောဒန်နီယယ်တို့ဖြစ်ကြောင်း သိရသည်။

 

ကြံ့ခိုင်ရေးပါတီကိုစားပြု ဝင်ပြိုင်သည့် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲ ၇,၅၆၆ ရကာ အနိုင်ရခဲ့သည်။

 

ဒေါ်ဒွဲဘူသည် ကချင်လူမျိုး ရှေ့နေနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲများ၌ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ယင်းနောက် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သော်လည်း NLD ပါတီကို ရှုံးနိမ့်သွားခဲ့ပြီး စစ်ခေါင်းဆောင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်နှင့် ကာ/လုံ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။

 

ထို့အတူ ကြံ့ခိုင်ရေးပါတီ၏ ကရင်နီပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ပိုးရယ်အောင်သိန်းသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်နှင့် ကာ/လုံ၏ ဗဟို အကြံပေးအဖွဲ့ဝင် ဖြစ်လာသကဲ့သို့ လက်ရှိရွေးကောက်ပွဲ၌လည်း ဒီးမော့ဆိုမြို့ အမှတ်(၂) ကိုယ်စား လှယ်အဖြစ် အနိုင်ရခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကောင်စီအဖွဲ့ဝင်နှင့် ကာ/လုံ၏ ဗဟိုအကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ မွန်ညီညွတ်ရေးပါတီ (MUP)မှ ဒေါက်တာဗညားအောင်မိုးသည် ယခင်ရွေးကောက်ပွဲများကဲ့သို့ ယင်းပါတီကို ကိုယ်စားပြု၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ထပ်မံဝင်‌ရောက်ယှဉ်ပြိုင်ရာ မဲအနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ကြသည့် စစ်ကောင်စီအဖွဲ့ဝင်နှင့် ကာ/လုံ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များအနက် စောဒန်နီယယ်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ( KSDP)မှ ထုတ်ပယ်ခံရပြီးနောက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ကိုယ်စားပြု ဝင်ပြိုင် သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ တစ်ဖက်သတ်ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ကြသူများမှာ ၎င်းတို့နှင့် နီးစပ်သူများ၊ အကြံပေးများသာ အဓိကဖြစ်နေပြီး ပြည်သူလူထု၏ ထောက်ခံမှုမရှိဘဲ ကျင်းပနေသည့် ရွေးကောက် ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့များအပါအဝင် နိုင်ငံတကာက ပြောကြားထားသည်။”

ဓာတ်ပုံ-MOI