ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်ကုရပ်ကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကိ သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်နေသည့် မြန်မာလူငယ်ကို ယနေ့တွင် ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းရဲအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ မြန်မာနိုင်ငံဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ရာ မင်းလက်ပံဒေသသို့ ထွက်ပြေးသွားခဲ့ရာမှ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘောက ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွက် ထိုင်းရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

မယ်ကုရပ်ကွက် သေနတ်ပစ်ခတ်မှုတွင် ပါဝင်သူ မင်းဇော်ထွေး နှင့် နိုင်လင်းအောင် တို့နှစ်ဦးအနက် ဆိုင်ကယ်မောင်းနှင်သူ မင်းဇော်ထွေးကို အဆိုပါနေ့တွင်ပင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရသူထိုင်းရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီးမှာ ဝမ်းဗိုက်ထိမှန်ခဲ့ပြီး လက်ရှိတွင် မဲဆောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကာ စိုးရိမ်မှုမရှိတော့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား နှစ် ဦးမှ လက်နက်မှောင်ခိုရောင်းဝယ်မှု ပြုလုပ်ရန်ကြိုးပမ်းနေစဉ် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်