‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၁ ရက်

တိုက်ပွဲများအတွင်း AA ကဖမ်းမိထားသည့်စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ထားရှိသည့် နေရာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနောက်ဘက်ရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို ထားရှိရာ နေရာကို စစ်ကော်မရှင်က ယမန်နေ့ ဇန်နဝါရီ ၂၀ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၂၁ဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများမှ သိရသည်။

ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပေါင် ၃၀၀ ဗုံး လေးလုံးကို စစ်သုံ့ပန်းများအားဆေးကုသပေးနေသည့် ဆေးခန်း၊ ဆေးခန်းဝန်းကျင်၊ စစ်သုံ့ပန်းများ၏ အမျိုးသမီးနှင့်ကလေးများထားရာအဆောင်နှင့် စစ်သုံ့ပန်း အမျိုးသားဆောင်တို့ကို ကြဲချတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း အကြောင်းအမျိုးမျိုးဖြင့် AAထံ‌ရောက်ရှိလာသည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ပြန်လွှတ်ပေးရန် စီစဉ်ထားပြီးချိန်တွင် စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း မြောက်ဦး၊ ရမ်းချောင်းရှိ စစ်သုံ့ပန်းများထားရှိရာနေရာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။

ဓာတ်ပုံ- One Nation News
‎ပုံစာ- ဗုံးကြဲခံရပြီး သေဆုံးသူများနှင့် ပူဆွေးနေသည့် မိသားစုဝင်များ