ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိ ဒေသခံပြည်သူများ နေရပ်ပြန်ရာတွင် စစ်ကော်မရှင် တပ်က ရွာအတွင်းဝင်ခွင့်ပိတ်ထားပြီး ငွေကြေးပေးဆောင်နိုင်မှသာ ပေးဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ဇန်နဝါရီလဆန်းပိုင်းက စဉ့်ကူးအနောက်ခြမ်းရှိ ကျေးရွာများသို့ ပစ်ခတ် ဝင်ရောက်ကာ တပ်စွဲခဲ့၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် ကျွန်းကြီးရွာ၌ အဓိကတပ်စွဲကာ သဲအင်း၊ ကြက်တူရွေးနှင့် ဟင်္သာမရွာများတွင်လည်း တပ်ဖြန့်ထားကြောင်း သိရသည်။
“ဒီလအစကတည်းက စစ်တပ်က ပစ်ပြီးဝင်လာလို့ အကုန်ပြေးကြရတာ။ အခုပြန်ဝင်ချင်တော့ ပိတ်ထားတယ်။ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းပေးမှ ဝင်ရမယ်ဆိုလို့ ပေးပြီး ဝင်နေကြရတယ်။ မပေးနိုင်တဲ့သူကတော့ မဝင်ရဘူး” ဟု စဉ့်ကူးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကျွန်းကြီးရွာနှင့် ကြက်တူရွေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သည် ဇန်နဝါရီ ၁၅ ရက်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေလည်မော်ရွာမှ ပြည်သူ သုံး ဦး သေဆုံးခဲ့သည်။
ထို့အပြင် စစ်ကော်မရှင်တပ်သည် စစ်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံရာ စာသင် ကျောင်း၊ ဆေးရုံး၊ ဘုန်းကြီးကျောင်း နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် မတ္တရာ၊ သပိတ်ကျင်းနှင့် စဉ့်ကူးမှ စစ်ရှောင်များသည် တောတောင်များနှင့် လမ်းဘေးများတွင် ဆက်လက်ပုန်းရှောင်နေကြရသည်။
“စစ်ရှောင်တွေကို ဗုံးလိုက်ကြဲတာ။ ဘယ်ပြေးရမှန်းမသိဘူး။ ကျောင်းတွေထဲလည်း မဝင်အိပ်ရဲဘူး” ဟု ဝက်လက်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ရှေင်များသည် အအေးဒဏ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေမှုကြောင့် ဇန်နဝါရီ ၁၆ ရက်က မတ္တရာမြို့နယ်မှ စစ်ရှောင် လသား ကလေးငယ်နှစ်ဦး လမ်းဘေးတွင် ခိုလှုံနေစဉ် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
ပုံစာ-ဆားလင်းကြီးဘက်မှ စစ်ရှောင်များကို တွေ့ရစဉ်(ပုံဟောင်း)