ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ကုရပ်ကွက်တွင် စစ်ဆေးမှုပြုလုပ်သည့် ထိုင်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု ဖြစ်ပွားခဲ့သဖြင့် နောက် ဆက်တွဲ အဖမ်းအဆီးများ ကြမ်းလာမည်ကို အခြေချနေထိုင်သည့် မြန်မာများ စိုးရိမ်နေကြကြောင်း သိရသည်။

 

ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက်ရှိ တော့ဖောင်း (Top Form) အထည်ချုပ်စက်ရုံ အနီး ဆဲဗင်းအလဲဗင်း (7-Eleven) စတိုးဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်လာသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ကြိုးပမ်းစဉ် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်း ဖြစ်သည်။

“မနေ့ကတည်းက ထိုင်းရဲနဲ့ စစ်တပ်ပေါင်းပြီး ပိုက်စိပ်တိုက် ရှာနေကြတာ။ အခုထိတော့ လွတ်နေတုန်းပဲ။ ဒီမှာက တစ်ယောက်ကြောင့် အကုန်ဒုက္ခရောက်တတ်တော့ ကျန်တဲ့မြန်မာတွေ ဘေးကျပ် နံကျပ် ဖြစ်ရတယ်။ မလိုလားတဲ့ အဖမ်းအဆီးတွေ ဖြစ်လာမှာကိုပဲ စိုးရိမ်နေရတယ်” ဟု မဲဆောက်နေ မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ကြပ်ကြီး ဆစ်ဆန်ကန်ကာ (Seksan Kanka) မှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိကာ မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

၎င်းအတွက် သွေးလိုအပ်နေသဖြင့် တော့ဖောင်းစက်ရုံမှ မြန်မာဝန်ထမ်းများအပါအဝင် မြန်မာလူငယ် အချို့က ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် သွားရောက်သွေးလှူဒါန်းကာ မြန်မာကိုယ်စား တောင်းပန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် ပြစ်မှုကျူးလွန်သူ လူငယ်၏ သေနတ်နှင့် အဝတ်အစားများကို ရှာဖွေတွေ့ရှိထားသော်လည်း လူမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ အာဏာပိုင်များသည် မယ်ကုရပ်ကွက် အပါအဝင် မြန်မာများအခြေချရာ ရပ်ကွက်၊ ကျေးရွာများကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး ပြစ်မှုကျူးလွန်သူ၏ ဇနီးဖြစ်သူကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

 

ဓာတ်ပုံ-Top Form Brassiere Maeku Co,ltd၊ လူမှုကွန်ရက်