ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် လူတစ်ဦးချင်းစီ၏ အတန်းပညာ အားနည်းမှု ကြောင့်ဖြစ်ပြီး၊ စည်းကမ်းလိုက်နာမှုနှင့် တွေးခေါ်မျှော်မြင်မှုများ နည်းပါးနေခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့၏ လက်အောက်ခံ တပ်နယ် မိသားစုများကို စည်းရုံးပြောဆိုခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) သို့ ဇန်နဝါရီ ၂၀ ရက်တွင် သွားရောက်စဉ် လက်အောက်ခံ တပ်နယ်မိသားစုများနှင့် တွေ့ဆုံကာ ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
“မိမိတို့နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို ပြန်လေ့လာရင် အခြေခံအားဖြင့် တစ်ဦးချင်း အတန်းပညာ အားနည်းမှုတွေကြောင့် ဖြစ်ရတာကို တွေ့နိုင်တယ်။ အတန်းပညာ အားနည်းလို့ စည်းကမ်းလိုက်နာမှုနဲ့ တွေးခေါ်မျှော်မြင်မှုတွေ နည်းပါးတာ” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ထို့အပြင် ၎င်းက အဓမ္မအာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ လူထုကို ရည်ညွှန်း၍ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ မသိမြင်ခြင်းကြောင့် လှုံ့ဆော်မှုများအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ အတန်းပညာမြင့်မားသူများသည် ဆရာ၊ ဆရာမများ၏ သွန်သင်မှုကို ခံယူထား၍ စည်းကမ်းကောင်းမွန်ကြသည်ဟုလည်း ဆက်လက်ပြောကြားသည်။
အဆိုပါ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တိုင်းရင်းသားလက်နက်ကိုင် (EROs) အချို့သည် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ခြင်းများ လုပ်ဆောင်လာကြောင်း စွပ်စွဲပြောဆိုခဲ့ကာ အမျိုးသားရေးတာဝန်အဖြစ် တိုက်ဖျက်ရန်နှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
၎င်းက ထိုသို့ ပြောကြားသော်လည်း လက်ရှိမြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုး မှုနှင့်မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ပိုမိုမြင့်တက်လာခြင်းမှာ စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်အောက်ခံများကြောင့်ဖြစ်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှုတွင် ထိပ်ဆုံးနေရာသို့ ပြန်လည် ရောက်ရှိ နေခြင်း ဖြစ်ကြောင်း နိုင်ငံတကာ အစီရင်ခံစာများအရ သိရသည်။
ဓာတ်ပုံ-MOI