ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
ရန်ကုန်မြို့တွင် ကျင်းပသည့် မွေးနေ့ပွဲတစ်ခု၌ Sexy Dance ကပြဖျော်ဖြေခဲ့သည်ဆိုကာ သရုပ် ဆောင် သင်ဇာဝင့်ကျော်နှင့် အကအဖွဲ့ကို ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သိရသည်။
ကမာရွတ်မြို့နယ်ရှိ Novotel Hotel (Yangon Ballroom) တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ကျင်းပသည့် Cloud Seven Production ၏ Founder ကိုဇွဲခန့်အောင်၏ မွေးနေ့ပွဲနှင့် အနုပညာကဏ္ဍ မိတ်ဆက်ပွဲတွင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့အား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသောအက(Sexy Dance) က သည်ဟုဆိုကာ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖျော်ဖြေမှုသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အများပြည်သူအမြင်တွင် မတင့်တယ် သည့် အဝတ်အစားများဖြင့် ကပြခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (က) / ၁၁၄ ဖြင့် အရေး ယူရန် အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အဲဒီပွဲက ဗီဒီယိုတွေ အွန်လိုင်းပေါ်တက်လာတာ ကြည့်လိုက်ရတယ်။ ခိုင်ခင်ဦးအပိတ်ခံရတဲ့ ဒါလေးများ ဆိုတဲ့ သီချင်းကိုဆိုတာ။ ထောင်ကထွက်လာတာ မကြာသေးတော့ အကတွေကို ရဲတင်းတယ်လို့ ထင်လိုက်တယ်။ မအလ(စစ်ကော်မရှင်)တွေက Sexy Dance ရဲ့ သဘောသဘာဝကို သိတာမဟုတ်ဘူး။ နားမလည်ဘဲ ယဉ်ကျေးမှုနဲ့ မညီဘူးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မတရား ဖမ်းဆီးနေတာ” ဟု သင်ဇာဝင့်ကျော်၏ ပရိသတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုများ တင်သည်ဟုဆိုကာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
သူမသည် အင်းစိန်ထောင်တွင် ၂ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်