နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် တရားစွဲဆိုခံထားရသည့်အမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်ရှေ့နေက မင်းကြီး၊ ချွတ်ပြင်နှင့် မောင်နု ကျေးရွာဖြစ်စဉ်များတွင် အာဆာအဖွဲ့ (ARSA) အား အပြစ်လွှဲချကာ ငြင်းဆိုခဲ့ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုအပေါ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်၌ ပထမအကျော့ တင်ပြလျှောက်ထားရာတွင် စစ်ကော်မရှင်ရှေ့နေ Mr. Sam-Bloom Cooper က ထိုသို့ ထည့်သွင်းချေပခဲ့ခြင်း ဖြစ်သည်။
“ဒီသုံးရွာအပေါ်သာ အာရုံစိုက်ပြီး အဓိကထားတဲ့ စွပ်စွဲချက်တွေဟာ ခိုင်မာတဲ့သက်သေပေါ် တည်ဆောက်ထားတာ မဟုတ်ဘူး။ ဖြစ်စဉ်တွေဟာ ဂမ်ဘီယာစွပ်စွဲသလို မဟုတ်ဘဲ ARSA ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့တာပဲ ရှိတယ်” ဟု စစ်ကော်မရှင်ဘက်က ဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း အောက်တိုဘာနှင့် နိုဝင်ဘာတွင် ရခိုင်မြောက်ပိုင်း၌ အာဆာအဖွဲ့၏ တိုက်ခိုက် မှုများရှိခဲ့သဖြင့် ၎င်းတို့ကို ထောက်ခံသူများရှိရာဒေသများတွင်သာ တန်ပြန်အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများကို ရက်အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က တုံ့ပြန် ထားသည်။
သို့သော် ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ ထိုစဉ်အချိန်က ပါဝင်ကျူးလွန်သည့် တပ်မတော်သားများကို စုံစမ်း စစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးကာ စစ်တရားရုံးနှင့် စီရင်သွားမည်ဖြစ်ကြောင်း လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်(ကာချုပ်)ရုံးက ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်မှာ NLD အစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖိလစ်ပိုင်နှင့် ဂျပန်သံအမတ်ကြီးများ ပါဝင်သည့် ICOE အစီရင်ခံစာတွင် နယ်မြေရှင်းလင်းရေးအတွင်း စစ်တပ်က အစုအပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထား သော်လည်း စစ်တပ်ဘက်က ကျူးလွန်သူများ၏ အမည်နှင့် ရာထူးကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
စစ်ကော်မရှင်ရှေ့နေက အာဆာအဖွဲ့ခေါင်းဆောင် အာတာအူလာ နှင့် ၎င်းအဖွဲ့ကို အပြစ်လွှဲချ ထားသော်လည်း မြေပြင်အခြေအနေတွင်မူ စစ်ကော်မရှင်တပ်နှင့် အာဆာအဖွဲ့သည် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။
၂၀၂၄ ခုနှစ် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) ထံတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ခမရ (၃၅၃) တပ်ခွဲမှူး ဗိုလ်မှူး လှိုင်ဝင်းထွန်း၏ ထွက်ဆိုချက်အရ စစ်ကော်မရှင် တပ်သည် အာဆာနှင့်ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဂမ်ဘီယာနိုင်ငံက အသုံးပြုထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အချက်အလက်များသည် ခိုင်လုံမှုမရှိကြောင်း စစ်ကော်မရှင်ဘက်က ICJ တွင် ဆက်လက်ချေပနေဆဲ ဖြစ်သည်။
ဓာတ်ပုံ-MOI