ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ရက်
တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံတွင် ဖမ်းဆီးခြင်းခံထားရသော စစ်သုံ့ပန်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်ကော်မရှင်တပ်ကပင် လေကြောင်းမှ ပြန်လည်၍ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၂၀ရက်၊ ည ၇နာရီ ၂၄မိနစ် နှင့် ၇ နာရီ ၂၈ မိနစ်တို့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရှိသော ချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက်ရှိ နေရာအချို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA ကထုတ်ပြန် သည်။
စစ်ကော်မရှင်တပ်သည် လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ် စင်းဖြင့် ရှေ့ဆင့်နောက်ဆင့် တစ်နေရာကို ဗုံး နှစ်လုံးစီဖြင့် လေးလုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း AA ထံမှ သိရသည်။
ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်တွင် ရှိကြသော စစ်သုံ့ပန်းမိသားစုဝင်များ နှင့် စစ်သုံ့ ပန်းအချို့ ပွဲချင်းပြီးသေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ AA အနေဖြင့် အဆိုပါ စစ်သုံ့ပန်းများနှင့် စစ်သုံ့ ပန်းမိသားစုဝင်များကို မကြာမီပြန်လည်လွှတ်ပေးရန်အတွက် အဆိုပါနေရာတွင် ခေတ္တ ထားရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းများကို နောက်ဆက်တွဲ အနေဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။