ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ရက်
တိုက်ပွဲ ပြင်းထန်နေသည့် ဗန်းမော်တွင် KIA၏ ထိုးစစ်အရှိန်ရပ်တန့်အောင် စစ်ကော်မရှင်က တိုက်လေယာဉ်များသုံး၍ တိုက်ခိုက်နေကြောင်း သိရသည်။
ထောက်ပံ့နှင့်ပို့ဆောင်တပ်ရင်း ထပရ ၉၃၃၏ အဝင်စခန်းတစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်တွင် KIAက သိမ်းယူခဲ့ပြီး ထပရ ၉၃၃ကိုပါ ဦးတည်ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”လေကြောင်းကနေတိုက်ခိုက်တာ နေ့တိုင်းလိုပဲ။ ရိက္ခာနဲ့ခဲယမ်းလည်း လေကြောင်းကပဲပို့နေတယ်။ ဒီဘက်ကထိုးစစ်ကတော့ အရှိန်မြင့်လာတယ်။ ကွန်ပျူတာ တက္ကသိုလ်ဘက်လည်း တိုက်ပွဲဖြစ်နေတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထောက်ပို့တပ်အဝင်ခြေကုတ်စခန်းကို သိမ်းယူစဉ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၆ဦး လက်နက်ချအညံ့ခံခဲ့သည့် ရုပ်သံများပါထွက်ပေါ်လာခဲ့သည်။
ထို့အပြင် နည်းပညာတက္ကသိုလ်ရှိ စစ်ကော်မရှင်စခန်းများပါ သိမ်းယူခံရပြီးနောက် စစ်ကော်မရှင်က Yak 130တိုက်လေယာဉ်နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်လာခြင်းဖြစ်သည်။
ထပရ ၉၃၃ကိုပါ ထပ်မံထိမ်းချုပ်နိုင်ပါက KIA၏ ထိုးစစ်မှာ စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁ကိုပါ ဦးတည်တိုက်ခိုက်လာနိုင်ကြောင်း CDMဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
ဗန်မော်မြို့နယ်အတွင်း စစ်ကြောင်းထွက်လာသည်ကို KIAက ကြားဖြတ်တိုက်ခိုက်နိုင်သည်သာမက ခြေကုတ်စခန်းနှင့် တပ်ရင်း၊ တပ်ဖွဲ့များကိုပါ စစ်ကြောင်းထိုးတိုက်ခိုက် လာခြင်း ဖြစ်သည်။