ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကော်မရှင်တပ်နှင့် ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးကာ လောင်း ကစားဝိုင်းမျိုးစုံကို အကြီးအကျယ် ပြုလုပ်နေသဖြင့် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

 

မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ကြက်ခြေနီကွင်းအတွင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကာ လက်ဝှေ့ပွဲနှင့် ဇာတ်ပွဲများကို ခေါင်းစဉ်တပ်၍ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်း၊ ရှမ်းကိုးမီးနှင့် ငါးမန်းဂိမ်း အပါအဝင် လောင်းကစားဝိုင်းပေါင်း ၅၀ ကျော်ကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

“လောင်းကစားပွဲတွေက ညအချိန်မတော် အော်ကြီးဟစ်ကျယ်နဲ့ ဆူညံနေတာ။ ရပ်ကွက်ထဲက ပြည်သူတွေမှာ ကောင်းကောင်းတောင် မအိပ်ရဘူး။ ဘယ်သူမှလည်း အရေးယူတာ မရှိဘူး” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လောင်းကစားဝိုင်းများနှင့် ပတ်သက်၍ ခရိုင်နှင့် မြို့နယ်အဆင့် စစ်ကော်မရှင် အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့မှူးများနှင့် စခန်းမှူးများထံ တိုင်ကြားထားသော်လည်း လိုင်းကြေးယူထားသဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း မြို့ခံများက ဆိုသည်။

 

ယခုကဲ့သို့ မြို့ပေါ်တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ၌ ခိုးဆိုးလုနှိုက်မှုများ ယခင်ကထက် ပိုမိုများပြားလာသဖြင့် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်နေကြရကြောင်း သိရသည်။

 

ဓာတ်ပုံ-မြစ်ကြီးနားမြို့၊ ကြက်ခြေနီ ကွင်းအတွင်း၌ပြုလုပ်နေသည့် လောင်းကစားဝိုင်းများ