ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

 

မြန်မာနိုင်ငံတွင် အားအနည်းငယ်ရှိသော လာနီညာ (La Niña) ဖြစ်စဉ် ဆက်လက်တည်ရှိနေသဖြင့် ဇန်နဝါရီလကုန်အထိ ညအပူချိန်များ လျော့နည်းခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

 

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာဖြစ်စဉ်ကြောင့် ဒေသအချို့တွင် ညအပူချိန်များ သိသိသာသာ လျော့နည်းနိုင်သလို၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများ ရှိနေပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအချို့တွင် အအေးဒဏ်ကို ပိုမိုခံစားနေရကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်အတွင်း တိုင်းတာချက်များအရ ဟားခါးမြို့တွင် ၁ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့ ၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့ ၃ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့ ၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အထိ ညအပူချိန်များ လျော့နည်းခဲ့ကြောင်း မိုး/ဇလ ထံမှ သိရသည်။

 

အလားတူ တီးတိန်၊ ပင်လောင်း၊ မိုင်းယန်၊ သီပေါ၊ လားရှိုး၊ မင်းကင်းနှင့် ပြင်ဦးလွင်မြို့တို့တွင်လည်း အပူချိန် ၅ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်မှ ၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အတွင်းသာ ရှိနေသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ရာသီဥတုဘေးအန္တရာယ်ကို သတိပြုကြရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်