ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

 

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်ကတ်) ပြုလုပ်ပေးမည်ဟုဆိုကာ အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ဘတ်ငွေသန်းနှင့်ချီ လိမ်လည်ပြီး အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

 

စည်သူပလပ်ကျွတ်သည် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ မြန်မာအလုပ်သမား ထောင်နှင့်ချီထံမှ ပန်းရောင်ကတ်ပြုလုပ်ရန် ကြိုတင်ငွေများ ကောက်ခံထားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းမှတစ်ဆင့် အထောက်အထားပြုလုပ်သူများနှင့် အဆက်အသွယ်ပြတ်တောက်နေခြင်း ဖြစ်သည်။

 

“ဒီလူက အလုပ်သမားအရေးလည်း နားမလည်၊ အထောက်အထားလုပ်တဲ့ လုပ်ငန်းစဉ်လည်း နားမလည် ဘဲ နာမည်ကြီးတာကို အခွင့်အရေးယူပြီး ပွဲစားထလုပ်တာ။ ဆယ်လီတွေ ဆယ့်တစ်လီတွေ ဂရုစိုက် ကြနော်လို့ ကိုရဲမင်းသွယ်ဝိုက်သတိပေးဖူးတယ်။ ဆယ်လီတွေလိမ်တာ အကြိမ်ကြိမ်ရှိနေပြီ။ သတိထား ကြပါလို့ပဲ သတိထပ်ပေးချင်တယ်” ဟု အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ AAC ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လိမ်လည်ခံရသူအများစုမှာ ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ပြီး လက်ရှိတွင် လက်ဗွေနှိပ်ခြင်းနှင့် သွေးစစ်ခြင်းများ ပြုလုပ်ရမည့် အရေးကြီးအချိန်သို့ ရောက်ရှိနေသော်လည်း အဆက်အသွယ် မရတော့ သဖြင့် ငွေကြေးဆုံးရှုံးရုံသာမက တရားဝင်အထောက်အထား စာရွက်စာတမ်းများ မရရှိနိုင်သည့် အခြေအနေနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရသည်။

 

” အဆက်အသွယ်လုပ်လို့မရတော့ဘူးဆိုတော့ ပိုက်ဆံတွေသွင်းရတဲ့အချိန် လက်ဗွေတွေနှိပ်ရတဲ့အချိန် သွေးစစ်ရတော့မယ့်အချိန် အရေးကြီးတဲ့အချိန်ကြမှ လိမ်သွားတာပဲ” ဟု ကိုရဲမင်းက ဆက် လက်ပြောသည်။

 

စည်သူပလပ်ကျွတ်ကမူ အလုပ်သမားများ၏ ငွေကြေးများကို ၎င်း၏ ကုမ္ပဏီပိုင်ရှင်ဆိုသူက ယူထားကြောင်းနှင့် ၎င်းအနေဖြင့် ဘတ်ငွေ တစ်သိန်းကျော်ကိုသာ လောင်းကစားအတွက် အလွဲ သုံးစား ပြုမိခြင်းဖြစ်ကြောင်း TikTok မှတစ်ဆင့် ပြန်လည် ပြောဆိုထားသည်။

ဓာတ်ပုံ – စည်သူပလပ်ကျွတ် TikTok