ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
တော်လှန်ရေးတပ်ဖွဲ့များ ဗန်းမောက်မြို့သိမ်းပြီး လေးလအကြာတွင် စစ်ကော်မရှင်တပ်က မြို့၏ထက်ဝက်ကျော်ကို ပြန်လည် သိမ်းယူလာကြောင်း သိရသည်။
ဗန်းမောက်မြို့၏ ရပ်ကွက်ကြီး နှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်တွင် စစ်ကော်မရှင်နှင့် ရှမ်းနီအမျိုးသားတပ် SNAတို့က ဝင်ရောက်စီးနင်းလိုက်ကြောင်းသိရသည်။
”မနေ့ကအထိ လက်နက်ကြီးအသံတွေပါကြားနေရတယ်။ တိုက်ပွဲဖြစ်နေသေးပေမယ့် တော်လှန်ရေးအဖွဲ့တွေ မြို့အရှေ့ခြမ်းကို ဆုတ်ပေးရတယ်တဲ့။ Y12ကနေဗုံးကြဲပြီး မြို့အတွင်းကို ရှမ်းနီတပ်တွေဝင်လာတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီးနောက် စစ်ကော်မရှင်နှင့် SNAတပ်တို့က မြို့အနောက်ဘက်မှနေ၍ ပြန်လည်တိုက်ခိုက်လာရာ နတလကျောင်းကို ပြန်လည်ရယူပြီး တိုက်ပွဲများ ခေတ္တရပ်တန့်သွားခဲ့သည်။
စစ်ကော်မရှင်က လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး ပြီးခဲ့သည့် ရက်သတ္တပတ် တစ်ပတ်ခန့်က ဟုမ္မလင်းဘက်မှ စစ်ကြောင်းများပါတက်လာပြီး ဒရုန်းတိုက်ခိုက်အားကိုယူ၍ မြို့အတွင်း ဝင်ရောက်လာခြင်း ဖြစ်သည်။
မြနန္ဒာရပ်ကွက်နှင့် လွှစင်ကုန်း ရပ်ကွက်တို့ကိုပါ စစ်ကော်မရှင်နှင့် SNAတို့ကသိမ်းယူပြီး တော်လှန်ရေးတပ်ဖွဲ့ဝငသုံးဦးကိုပါ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။